ပူးပေါင်းရေး အတွက် နေပြည်တော်၌ ဆွေးနွေးရန် SNLD အား SNDP ရက်ချိန်း

ပူးပေါင်းရေး အတွက် နေပြည်တော်၌ ဆွေးနွေးရန် SNLD အား SNDP ရက်ချိန်း
by -
သျှမ်းသံတော်ဆင့်

နှစ်ပါတီပူးပေါင်းရေးအတွက် ကျားခေါင်းပါတီ ခေါ်  သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကမ်းလှမ်း ထားသည့်အတိုင်း တွေ့ဆုံ ဆွေးနွေးရန် အတွက် ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီSNDP က နေပြည်တော်တွင် တွေ့ဆုံရန် အကြောင်းပြန်စာ ပေးပို့ထားသည်ဟု သိရပါ သည်။

 လာမည့်ဇန်နဝါရီ ၃၀ ရက်နေ့တွင် နေပြည်တော် ယူနီစန်သီးသန့်ခန်း၌ မွန်းလွှဲ ၁ နာရီအချိန်တွင်တွေ့ဆုံရန် ကျားဖြူပါတီဥက္ကဌ စိုင်းဆောင်ဆီ မှ ဇန်နဝါရီလ ၂၃ ရက် ရက်စွဲဖြင့် SNLD ထံသို့ အကြောင်းပြန်စာ ပေးပို့ခဲ့ခြင်းသည်။

 “ကျားဖြူပါတီညီလာခံပြီးမှ တွေ့ဆုံနိုင်မယ်လို့ ကျနော်တို့ပြောထားတဲ့အတိုင်း အခု ကျနော်တို့က ၃၀ - ၃၁ ရက်နေ့မှာ အား မယ်။ SNLD အား မအားမသိဘူးလေ။ သူတို့ဘက် အားမှ တွေ့ဆုံနိုင်မှာလေ” - ဟု ကျားဖြူပါတီ၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် စိုင်းဆောင်ဆီက ပြောသည်။

မြန်မာနိုင်ငံအစိုးရ ရုံးလုပ်ထုံးလုပ်နည်းအရ တရားဝင်ရုံးစာအား စာတိုက်နှင့် ပေးပို့ရသောကြောင့် SNLD မှ စာလက်ခံရ မရ မသိသေးကြောင်းလည်းပြောပါသည်။

 “ကျနော်တို့ သိပါပြီ။ အခုကျနော်တို့ အစည်းအဝေးထိုင်နေပါတယ်” – SNLD ၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စိုင်းစောအောင်ကပြောပါသည်။

“ပူးပေါင်းနိုင်ဖို့ မပူးပေါင်းနိုင်ဖို့ တွေ့ဆုံပြီးမှ ပြောနိုင်မယ်လေ။ ကျနော်တို့ကတော့လူထု အကျိုးအတွက် အလုပ် လုပ်ပေးဖို့ပဲ။ SNLD က ၈ ပြည်နယ် လက်ခံတယ်။ ကျနော်တို့က ၁၄ ပြည်နယ် ကိုလက်ခံတယ်။ ဒါတွေက ဘာဖြစ်နေဖြစ်နေ အဓိက ကတော့ မိမိကိုယ်ပိုင်ပြဌာန်းခွင့် အစစ်အမှန် ရဖို့ပဲ။ အမျိုးသားရေးအတွက် အလုပ်လုပ်လာတာ အခုအသက် ရ၃ နှစ်တောင်ရှိပြီ” - ဟု စိုင်းဆောင်ဆီ က ဆက်၍ ပြောသည်။

နေပြည်တော်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပါတီနှစ်ခုပေါင်းစည်းလျှင် လက်ရှိမိခင်ပါတီအား ဖျက်သိမ်းရမည်ဟူသည့် မူဘောင် စည်းမျဉ်းချထားပါသည်။

ထို့အတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ်က- ‘ကိုယ်ရေး ကိုယ်တာနဲ့ ပါတီအရေး ဆို ပါတီကိုဦးစားပေးမယ်။ ပါတီနဲ့ အမျိုးသားရေးဆို အမျိုးသားရေးကို ဦးစားပေးမယ်။ အမျိုးသားရေးလိုအပ်ချက်အရ ပါတီဖျက်သိမ်းသင့်ရင်လဲ ဖျက်သိမ်းရမယ်’ ဟု သျှမ်းသံတော်ဆင့် သို့ပြောဖူးသည်။

၂၀၁၂  နှောင်းပိုင်းတွင် တက်ကြွလှုပ်ရှား သျှမ်းလူငယ်များက သျှမ်းလူထု၊ သံဃာ၊ ဝန်ထမ်းများထံ စစ်တမ်းကောက်ယူရာ ၉၀ ရာခိုင် နှုန်းကျော် က  ကျားဖြူနှင့် ကျားခေါင်း ပါတီပေါင်းစည်းရန်၊ သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) အမည်ရ RCSS/SSA နှင့် သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အမည်ရ SSPP/SSA တို့ပေါင်းစည်းရန် ဆန္ဒရှိကြသည်ဟုသိရပါသည်။