သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် ၆၇ နှစ်မြောက် သျှမ်းပြည်နယ်နေ့ကျင်းပရန် ယခုလ ၁၈ ရက်နေ့ များက နမ့်ခမ်းမြို့ ကျားဖြူရုံး၌ ကျားဖြူ ၊ ကျားခေါင်း နှင့် ပြည်သူများ အစည်းအဝေးထိုင်ကာ ပွဲဖြစ်မြောက် ရေးကော် မတီဖွဲ့စည်းပြီးကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းသိရှိရသည်။
သျှမ်းပြည်နယ်ပွဲနေ့ကို ဖေဖော်ဝါရီ ၆ ရက်နှင့် ရ ရက်၌ မြို့လယ်ဘုရားကျောင်းအနီး ပန်ပွဲကွင်းတွင် ကျင်းပရန်စီစဉ်ထား ကြောင်း၊ ယခင်နှစ်များနှင့်မတူ သျှမ်းအမျိုးသား အလံတင်အခမ်းအနားအပါအဝင် ဒေသ ထွက်လက်မှုစားသောက်ကုန် များနှင့် လက်မှုပစ္စည်းပြပွဲများခင်းကျင်းပြသပေးမည်ဖြစ်ကြောင်း၊ လုံခြုံရေး အပိုင်းကိုလည်းတိုးမြှင့်ဆောင်ရွက်မည်ဖြစ် ကြောင်း သျှမ်းပြည်နယ်ပွဲဖြစ်မြောက်ရေးကော်မတီဝင် စိုင်းအိုက်ပီး ကဆိုသည်။
“ကျနော်တို့ ဒီနှစ်ပွဲကို အလုပ်အမှုဆောင်ကော်မတီ(၁၈) ဖွဲ့နဲ့ ဖွဲ့စည်းထားတယ်။ စည်စည်ကားကား ကျင်းပဖို့ ပွဲကိုလည်း လုံခြုံရေးအပြည့်ချမယ်။ ဒီပွဲကိုတော့ ကျနော်တို့မြို့မှာရှိတဲ့ ကျားခေါင်း၊ ကျားဖြူပါတီနဲ့ ရပ်ကွက် ၂၂ ခု ပူးပေါင်းပြီး ကျင်းပမှာဖြစ်တယ်” ဟု ၄င်းကပြောသည်။
၆၇ နှစ်မြောက် သျှမ်းပြည်နယ်နေ့ပွဲကို နမ့်ခမ်းမြို့ရှိ ကျားဖြူပါတီ(SNDP) မှ စိုင်းဆိုင်ဆိုင်ဝမ်း က ဥက္ကဌ ၊ကျား ခေါင်းပါတီ(SNLD) မှ စိုင်းမြင့်ဦး တို့က ဒု-ဥက္ကဌ အဖြစ် ပွဲဖြစ်မြောက်ရေးအတွက်တာဝန်ယူ ဆောင် ရွက်မည်ဖြစ် ကြောင်း သျှမ်းပြည်နယ်ပွဲဖြစ်မြောက်ရေးကော်မတီဝင် ပါ့နန်းစိန် ကဆိုသည်။
``အရင်က ဗုံးပေါက်တာ ဗုံးသုံးလေးလုံးတွေ့တာ ဒီ အမျိုးသားပွဲတော်ကျင်းပမဲ့ မြို့လယ်ကျောင်း နားမှာပဲပေါ့။ သျှမ်းတွေက ပွဲကြိုက်တယ်။ ပွဲမစည်မှာတော့ မစိုးရိမ်ဘူး။ အနှောင့်အယှက် အဖျက်အဆီး ရှိလာမှာကိုဘဲ စိုးရိမ်ရတယ်။ ဒါတွေ မဖြစ်အောင် လုံခြုံရေးတင်းကျပ်ရမယ်။ အထူးသဖြင့်အမှိုက်ပုံပေါ့၊ ဗုံးထောင်ရင် အမှိုက်ပုံမှာလာထောင်တတ်တယ်လေ´´ - ဟု နမ့်ခမ်းသူ နန်းစံ က ပြောသည်။
၁၉၄၇ ဖေဖေါ်ဝါရီလ ရ ရက်နေ့သည် စော်ဘွားကိုယ်စားလှယ် ၃၃၊ လူထုကိုယ်စားလှယ် ၃၃ ဦးပါ Shan States Saophas Council “ရှမ်းစဝ်ဖလုံများကောင်စီ” ကို ဖျက်သိမ်းဖို့သဘောတူပြီး စော်ဘွား ရ ဦး လူထုကိုယ်စားလှယ် ရ ဦး ပါဝင်သည့် သျှမ်းပြည်ကောင်စီ ဦးဆောင်ကော်မတီ အောင်မြင်စွာဖွဲ့ နိုင်သည့်နေ့ဖြစ်သည်။
သျှမ်းပြည်ကောင်စီဥက္ကဌ တောင်ပိုင် စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်သား အားလုံးနှင့်ဆိုင်သော သျှမ်းပြည် နယ်အလံ ( ဝါ၊ စိမ်း၊နီ အလယ်ဗဟို လဝန်းဖြူ) ၊ သျှမ်းပြည်အလံတင် သီချင်း (ခေးတိုင်းခေးရာဇာ) နှင့် ဖေဖော်ဝါရီ ရ ရက်နေ့အား သျှမ်းပြည်အမျိုးသားနေ့ စသည့်သမိုင်းဝင်ရက်မြတ်ကို သတ်မှတ်ခဲ့ရာ ယနေ့ ၆၇ နှစ်မြောက်ရှိပြီဖြစ်ပါသည်။