လော်ခီးလာ ညီလာခံ “တော်လှန်ရေး”ဆိုသည့် အသုံးအနှုန်းဖြင့် ကြန့်ကြာ

လော်ခီးလာ ညီလာခံ “တော်လှန်ရေး”ဆိုသည့် အသုံးအနှုန်းဖြင့် ကြန့်ကြာ
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ စုဝေးပြီး ကေအဲန်ယူ ဌာနချုပ် လော်ခီးလာ၌ ကျင်းပနေသည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အတွက် ညီလာခံတွင် ‘တော်လှန်ရေး’ ဆိုသည့် အသုံးအနှုန်း အသုံးပြုရေး မပြုရေးနှင့် ပတ်သက်၍ အခြေအတင် ဆွေးနွေးရသည်ဟု တက်ရောက်သူ များကပြောသည်။

ကေအဲန်ယူမှ ကမကထပြုပြီး တိုင်းရင်းသားခေါင်းဆောင်များဆွေးနွေးပွဲကို လော်ခီးလာ၌ ၂၀၁၄ ဇန်နဝါရီ ၂၁ ရက်က ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက် ကျင်းပရာတွင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်း ရေးကော်တီ NCCT အကြီးအကဲများက အပစ်ရပ်ရေးမူကြမ်းအား အကျယ်တဝင့်တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တော်လှန်ရေး ဆိုသည့် အသုံးအနှုန်း မပါစေ သည့်အချက်၊ တိုင်းရင်းသား ခေါင်းဆောင်များကမူ ထိုစကားလုံးမပါ မဖြစ် အရေးကြီးနေသည် ဟုဆိုသဖြင့် ဆွေးနွေးမှုကြန့်ကြာရခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

လော်ခီးလာဆွေးနွေးပွဲတက်သည့် ခေါင်းဆောင်တချို့

“အစိုးရက အဲဒီတော်လှန်ရေး ဆိုတဲ့ စကားလုံး မသုံးစေချင်ဘူးလို့ NCCT ကလူကြီးတွေ ရှင်းပြ တော့ အများကလက်မံဘူး။ အဲဒါလေးတောင်မှ ထည့်လို့မရင် ၊ တခြားအခွင့်အရေး ဘယ်လိုဆက် တောင်းမှာလဲ ပေါ့။ တော်လှန်ရေး ဆိုတဲ့ စကားလုံးမပါရင် ကျဆုံးသွားတဲ့ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေကို စော်ကားရာရောက်တယ်။ အများက လက်မခံတော့ နောက်ဆုံးထည့်မယ်လို့ သဘောတူတယ်” - ဟု အမည်မဖေါ်လိုသူတစ်ဦးကပြောပါသည်။

ထို့အပြင် တနိုင်ငံလုံး အပစ်ရပ်ရေးအတွက် ပထမ ဦးစားပေး၊ သို့မဟုတ် နိုင်ငံရေးမူဘောင်ဆွေးနွေး သဘောတူမှ အပစ်ရပ်မှာလားဆိုသည့်အချက်လည်း သဘောတူညီမှု မရရှိသေးကြောင်း၊ ဆွေးနွေးချက် များ ပြီးပြတ်နိုင်မည်မဟုတ်သောကြောင့် ရက်ထပ်တိုးဖွယ်ရှိကြောင်း လည်းပြောပါသည်။

 အဆိုပါ ကေအဲန်ယူ ဌာနချုပ် လော်ခီးလာ တွင် ကျင်းပသည့် ညီလာခံတွင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ လေ့လာသူများ စုစုပေါင်း လူအင်အား ၁၃၆ ယောက် တက်ရောက်သည်ဟု ဆိုသည်။ အဆိုပါ အစည်း အဝေးမှ သဘောတူညီချက်များရယူပြီးလျှင် ဦးသိန်းစိန်အစိုးရ ကိုယ်စားလှယ်နှင့် ကရင်ပြည် နယ် ဘားအံမြို့တွင် ဆက်လက်တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါသည်။

သျှမ်းပြည်နယ်တွင် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA နှင့် မိုင်းလားတပ်ဖွဲ့တို့မှ အပ ပအိုဝ်း၊ ပလောင် တို့၏ အဆင့်မြင့်ခေါင်းဆောင်အပါဝင် သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့လုံးမှ ကိုယ်စား လှယ်များလည်း ပါဝင်တက်ရောက်သည်ဟု သိရပါသည်။