ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင်နှစ်ဦးအား ပြည်သူ့စစ်တပ်ဖွဲ့ ဖမ်းဆီးရိုက်နှက်

ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင်နှစ်ဦးအား ပြည်သူ့စစ်တပ်ဖွဲ့ ဖမ်းဆီးရိုက်နှက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင် နှစ်ဦးအား ယခုလ ၁၂ ရက်နေ့က ဒေသတွင်း ပြည်သူ့စစ်တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက်မှုခံရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင်နှင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၂ ရက်နေ့က မိုင်းဝီး ကျေးရွာအုပ်စုဘက် ဘိန်းခင်းတိုင်းတာရန် ခရီးထွက်ခဲ့ကြောင်း၊ ထိုအထဲမှ ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင်နှစ်ဦး အား ဒေသတွင်းပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နေ့လည် ၂ နာရီမှ ည ၉ နာရီအထိ လက်ထိပ်ခတ် ရိုက်နှက်မေးမြန်းပြီး  ပြန်လွှတ်ပေးခဲ့ကြောင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးကဆို သည်။

ရိုက်နှက်စစ်ဆေးခံရသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ ဦးနိုင်ထွန်းမောင် နှင့် ဦးအံ့ကျော်တို့ဖြစ်သည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

“ သူတို့ ဘိန်းခင်းကြည့်ဖို့ တက်သွားတာက ၆ ယောက်ပါ၊ ရဲတပ်ဖွဲ့လေးယောက်ပါတယ်၊  ရဲတပ်ဖွဲ့ကအရင် ပြန်ဆင်း လာပြီးမှ  ကျန်ခဲ့တဲ့ ၂ ယောက်ကို ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက် မေးမြန်းတာ” - ဟု ၄င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းထံ ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

“ ကျနော်တို့ဘက်ကလည်း သက်ဆိုင်ဌာနကို စာတင်တိုင်ကြားထားတယ်၊ အခြေအနေက ဘယ်လို ဖြစ်လာမလဲတော့ ခုထိတော့ မသိရသေးဘူး ”  ဟု ရိုက်နှက်ခံရသူ ကာယကံရှင်တဦးပြောပြကြောင်း နီးစပ် သော အသိုင်းအဝိုင်း ကဆိုသည်။

အဆိုပါ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝိုင်းရိုက်သည့် ပုဂ္ဂိုလ်နှစ်ဦးသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ဘိန်း ခင်း တိုက်ဖျက်ရေးဆိုင်ရာသင်တန်းအား ၂၀၁၃ နှစ်နှောင်းပိုင်းက သင်တန်းဆင်းလာသည်ဟုလည်းဆိုသည်။

ကမ္ဘာတွင် အာဖကန်နစ်စတန် နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဘိန်းအများဆုံးထွက်ရှိသည့်နိုင်ငံဖြစ်သည်ဟု ကမ္ဘာ့မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးအဖွဲ့ UNODC က ထုတ်ပြန်ကြေငြာဖူးပါသည်။

နမ့်ခမ်းမြို့နယ် ပန်းဆေးကျေးရွာအုပ်စုအခြေစိုက် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့အား ၂၀၁၀ ခုနှစ်က ကြံ့ခိုင်ရေးပါတီ၏  လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသည့် ဦးကျော်မြင့်က ဦးဆောင်ပါသည်။

သျှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့က အဆိုပါ လွှတ်တော်အမတ် ဦးကျော်မြင့်အား ခေတ်သစ်မူးယစ်ရာဇာဟု တင်စားခေါ်ဝေါ်ထားကြသည်။

ဦးကျော်မြင့်သည် ယခုအခါ ၄င်း၏ညီ ဦးကျော်ထွေးအား ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ပေးထား ကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

Most read this week