လက်နက်ကြီးငယ်ပစ်ခတ်မှုရှောင်ရှားပေးရန် ရွာသားများ တောင်းဆို

လက်နက်ကြီးငယ်ပစ်ခတ်မှုရှောင်ရှားပေးရန် ရွာသားများ တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း ကျေးလက်ရွာများအပေါ် လက်နက်ကြီး ငယ်ဖြင့် ဦးတည်ပစ်ခတ်ခြိမ်းခြောက်မှု ရှောင်ရှားပေးပါရန် မိုင်းငေါ့ ဒေသခံများက ပြောသည်။

၂၀၁၄ ဇန်နဝါရီလကစ၍ မိုင်းငေါ့မြို့နယ်ခွဲအတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဘက်တင်းမာနေသော အနေအထားကြောင့် ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်ဖြင့် ဦးတည်ပစ်ခတ် ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖများကပြော သည်။

“ ၁၀ ရက်နေ့တုန်းက လက်နက်ကြီးနဲ့ ဝမ့်ပင့်ရွာ (မိုင်းငေါ့မြို့ အနောက်ဘက် သုံးမိုင်ခန့်) ကို လက်နက် ကြီးနဲ့ လှမ်းထုတယ်။ ကံကောင်းလို့  မပေါက်တာ။ ပေါက်ကွဲရင် တအိမ်လုံးသေ၊ တအိမ်လုံးမီးလောင်ပြာ ကျသွားနိုင်တယ်။ အခု အဲဒါတွေ မရှိဖို့ စစ်ရှိန်လျှော့ချပေးဖို့ လူကြီး တွေက ကျောက်မဲကိုတက်ပြီး ပြောတယ်” - ဟု ဒေသခံဝန်ထမ်း အသိုင်းအဝိုင်းက ပြောသည်။

မည်သည့်အဖွဲ့မှ ပစ်ခတ်ကြောင်းကို  မပေါက်ကွဲသည့် လက်နက်ကြီးကျည်ဆံအားကြည့်ခြင်း အားဖြင့် ကျွမ်းကျင်သူများက လွယ်လွယ်ကူကူသိနိုင်မည်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

ထို့အတူယမန်နေ့ (၁၂ ရက် ည) တွင်လည်း မိုင်းငေါ့မြိုအနီး ရန်ကင်းတောင်ဘက်မှလည်း လက်နက်ကြီးငယ် သုံးကြိမ်ပစ်ခတ်သောကြောင့် လူထုထိပ်လန့်ခဲ့ကြောင်း မိုင်းငေါ့မြို့ခံက ပြောသည်။

“မနေ့ည ၈ ခွဲမှာ တကြိမ်၊ ည ၁၀.၂၅ မှ တကြိမ် နဲ့ ဒီမနက် ၃.၁၇ မိနစ်မှာလဲ ထပ်ပစ်သေး တယ်။ မိုးပေါ် ထောင်ပစ်ပေမယ့် သေနတ်သံတွေကြောင့် မအိပ်ရဲဘူး။ ကျီးလန့်စာစားတဲ့ ဘဝ ဖြစ်နေပြီ။ အခုလူထုက တအားကိုထိပ်လန့်နေတယ်” - ဟု ကပြောသည်။

မိုင်းငေါ့မြို့ နှင့်အနီးဝန်းကျင်ကျေးရွာ ဘက်တွင် အစိုးရစစ်ကြောင်းများသာရှိကြောင်း၊ တိုင်းရင်းသား တပ်ဖွဲ့များမှာမူ ကျေးရွာအပြင်ဘက် တောနက်ပိုင်းဘက် အကုန်ပြောင်းရွှေ့ နေရာယူထားကြောင်း၊ နှစ် ဘက်တပ်အင်အား အပြိုင်ဖြည့်နေမှုကြောင့် စစ်ရှိန်မလျှော့ နိုင်သေးဘဲ တိုက်ပွဲဆက်လက်ဖြစ် ပွားလာမည်ကို အထူးစိုးရိမ်သည်ဟု ပြောသည်။

Most read this week