သျှမ်းသံတော်ဆင့်အမျိုးသမီးသတင်းထောက်အကြမ်းဖက်ခံရမှု အယ်ဒီတာချုပ်တောင်းဆို

သျှမ်းသံတော်ဆင့်အမျိုးသမီးသတင်းထောက်အကြမ်းဖက်ခံရမှု အယ်ဒီတာချုပ်တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့် အမျိုးသမီးသတင်းထောက်တဦးအကြမ်းဖက်ခံရသည့် အပေါ်  တရားမျှတစွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်းက တောင်းဆိုလိုက်သည်။

“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်ဒဏ်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့်တယ်။ အာဏာပိုင်တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလိုပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်းမတွပဲနဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက်ချိန်၊ အသေးအမွှားကအစ ငြိမ်းချမ်းရေကိုမထိခိုက်စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန်တယ်ဆိုတော့ တခြား မြန်မာ့ သတင်းထောက်တွေလဲ ဒီကိစ္စအပေါ်  စောင့်ကြည့်နေမှာသေချာတယ်  ” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ချုပ် ဦးခွန်စိုင်း ကပြောသည်။
 
လွန်ခဲ့သည့် ဇန်နဝါရီလ ၄ ရက် ည ၈ နာရီခွဲအချိန်၌ သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်းအား မူးယစ်ရမ်းကားသည့် စိုင်းပြည့်ဖြိုးထွန်းမှ ၎င်းနေထိုင်ရာ တောင်ကြီးမြို့ ကျောင်းကြီး စုရပ်အနောက်မြို့ပတ်လမ်း နေအိမ်ရှေ့တွင် မိန်းမကာယအိန္ဒြေပျက်ပြားစေရန်၊နာကျင်ဒဏ်ရာရသည်အထိ ရိုက်နှက်ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
 
သတင်းတောက်ရှမ်းမလေးသည် အပြင်သို့သတင်းသွားယူပြီး အိမ်ပြန်ချိန်တွင် သူမ၏အိမ်ရှေ့၌ စိုင်းပြည့်ဖြိုးထွန်းက စောင့်ဆိုင်းရိုက်နှက်သဖြင့် ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာ ရရှိကြောင်း၊ ရှမ်းမလေး၏ ညာဘက်လက်ကိုပါချိုးလိမ်သဖြင့်  လက်တွင်လည်း နာကျင်ဒဏ်ရာ ရရှိကြောင်း ၊ ထိုသို့ရိုက်နှက်ပြီး တရားခံကထွက်ပြေးရာ ရှမ်းမလေးကအော်ဟစ် အကူအညီတောင်း သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင်ထံမှ သိရသည်။
 
ထိုအတွက် ကာယကံရှင်က ပြစ်မှုကျူးလွန်သူ စိုင်းပြည့်ဖြိုးထွန်းအား ပုဒ်မ ၃၅၄၊ ၃၂၃၊ ၂၉၄ တို့ဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် ရှမ်းမလေးကပြောသည်။

“ ဥပဒေက ထိရောက်စွာ အရေးယူစေချင်ပါတယ်၊ ဒါဟာ အမျိုးသမီး တစ်ယောက်ကိုအကြမ်းဖက်တာ ဖြစ်သလို ၊ မီဒီယာသမားတစ်ယောက်ကိုလည်း တိုက်ခိုက်တာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူပေး စေချင်ပါတယ်။ ၄ ရက်နေ့ ဖြစ်တာ တရားခံကို ၆ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အခုဖြစ်တာ တပတ်ကျော်နေပြီ၊  တိတိကျကျအရေးယူတာ ဘာမှလဲမရှိသေးဘူး” ဟု ရှမ်းမလေးက ပြောသည်။
 
 ၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အခြေစိုက် သတင်းသမားများက သျှမ်းပြည်နယ်ဝန်ကြီးနှင့်တကွ နိုင်ငံရေးပါတီများ ၊အရပ်ဖက်လူ့အဖွဲ့အစည်းများထံ စာပေးပို့ရန် စီစဉ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

Most read this week