သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ထံ ပါတီပူးပေါင်းရေးအတွက် ကမ်းလှမ်းထားမှုတစ်လပြည့်ပြီ ဖြစ်သော်လည်း တိုးတက်မှု မရှိသေးဟု သိရသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့က ပူးပေါင်းရေးအတွက်ကမ်းလှမ်းမှု တစ်လပြည့်ခဲ့သော်လည်း ကျားဖြူပါတီဘက်မှ တုန့် ပြန်မှုမရှိသေးသဖြင့် ဒုတိယအကြိမ်ထပ်မံကမ်းလှမ်းမည်ဖြစ်ကြောင်း SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောသည်။
“ကျားဖြူဘက်က တုန့်ပြန်မှုမရှိသေးဘူး။ ဒီကနေ့ ထပ်မံကမ်းလှမ်းတဲ့ စာတစောင်ထပ်ပို့ထားတယ်။ ၂ ဦး ၂ ဘက်ပူးပေါင်းရေးအတွက် ကျနော်တို့ဘက်ကလည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသင့်ပြင်ဆင် ထားပါတယ်” ဟု စိုင်းညွန့်လွင် ကပြောသည်။
ကျားဖြူပါတီဘက်မှ ကော်မတီဝင်တချို့က ၂၀၁၄ နှစ်ဆန်း ကျားဖြူညီလာခံပြီးနောက်ပိုင်း ပူးပေါင်းရေးအတွက် ဆွေးနွေး ဖြစ်မည်ဟုပြောသကဲ့သို့ ကော်မတီဝင်တချို့ကလည်း ၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှသာ ဆွေးနွေးဖြစ်မည်ဟု ပြော ဆိုကြသည်ကို ကြားရကြောင်း SNLD ဘက်ကပြောသည်။
ကျားဖြူပါတီ ဒုဥက္ကဌ စိုင်းဆောင်ဆီ က “ ခုတလော ကျနော်တို့ပါတီဝင်တွေလဲ ကိုယ့်အလုပ်ကိစ္စနဲ့ကိုယ် ရှင်းလင်း နေကြတာနဲ့ ဒီကိစ္စ မဆွေးနွေးကြရ သေးပါဘူး။ ဒါကြောင့်ကျနော်တို့ ဘက်က အကြောင်းမပြန်နိုင်သေးတာဖြစ်ပါတယ်။ ပါတီတွေပူးပေါင်းဖို့အတွက် မိခင်ပါတီ ကိုဖျက်ရမယ် ဆိုတဲ့ ရွေးကောက်ပွဲဥပဒေ တခုကလွဲလို့ ကျနော်တို့ ဘက်က ဘာမှအခက်အခဲမရှိပါဘူး။ ဒီကိစ္စအတွက် ကျနော်တို့ အများကြီးထပ်ဆွေးနွေးရဦးမှာပါ” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
ပူးပေါင်းရေးအတွက် SNDP ကျားဖြူပါတီဘက်မှ ဦးစိုင်းဆောင်ဆီ ဦးဆောင်သော ကော်မတီကို ၂၀၁၃ ဂျန္နဝါရီတွင် ကျားဖြူ ညီလာခံ ကတည်းက ဖွဲ့စည်းခဲ့ပြီး SNLD ပါတီကလည်း စိုင်းစောအောင် ဦးဆောင်သည့် ပူးပေါင်းရေးကော်မတီကိုလည်း နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စု တဝန်းလုံးတွင် သျှမ်းလူထု ကိုယ်စားပြုပါတီ သုံးခုဖြစ်သည့် ကျားခေါင်း ခေါ် SNLD ၊ ကျားဖြူ ခေါ် SNDP နှင့် ကျားနီ ခေါ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) တို့ ဖွဲ့စည်းထားသည်။