စားနပ်ရိက္ခာ နှင့် စစ်အင်အားများ တင်ဆောင်သည့် အစိုးရစစ် ယာဉ်တန်းများ သျှမ်းပြည် မြောက်ပိုင်းမှ ကချင်ပြည်နယ် စပ်ဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ “စစ်ကား အစီး ၄၀ လောက်ရှိမယ်ထင်တယ်၊ မနေ့ညနေတုန်းက မြို့ထဲဖြတ်ပြီး ကချင်ပြည်နယ် မန့်ဝိန်းကြီးဘက်သို့ ဦးတည်သွား တာတွေ့ရတယ်၊ ဆီပီပါတင်ကားက တစ်စီး ကျန်တာတွေက ရိက္ခာနဲ့ လက်နက်တွေ၊ လက်နက်ကြီးတွေပါမယ်ထင် တာပဲ၊ တင်ထားတော့အပြည့်ပဲ ” ဟု နမ့်ခမ်းဒေသခံ စိုင်းအိုက်ကပြောသည်။
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်မှတဆင့် ကချင်ပြည်နယ် မန့်ဝိန်းကြီး ကျေးရွာဘက်သို့ အစိုးရစစ်ကား ၂၉ စီးရောက် ရှိသွားကြောင်း၊ နမ့်ခမ်းမြို့ အနောက်ဘက် နောင်ကောင်နှင့် နောင်မကျေးရွာရှိ လယ်ကွင်းထဲတွင် စစ်ကား ၁၀ စီးစာ လုံခြုံရေးချ ထားကြောင်း စိုင်းအိုက်က ပြောသည်။ ထို့အတူ လားရှိုး မူစယ်ကား ဆရာတဦး ကလည်း ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်မနက်ပိုင်း၌ သိန္နီမြို့ရှိ (စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်) စကခ ၁၆ ရှေ့တွင် ရွှေလီဘက်သွားမည့် စစ်ယာဉ်တန်း ၄၅ စီး တွေ့ရကြောင်းပြောသည်။
“ မနေ့ညကတည်းက မူစယ်ဘက်ကနေ နမ့်ခမ်းဘက် ကို သွားဖို့ပြင်နေတဲ့ စစ်ကား ၁၀ စီးကျော်ကျော် ရှိသေးတယ်။ အခြေအနေ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ်” ဟု နမ့်ခမ်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါ အစိုးရ တပ်များသည် စကခ ၁၆ လက်အောက်ခံ စစ်သည်များ ဖြစ်ကြောင်း၄င်းကပြောသည်။ မျက်မြင် သက်သေတဦးက လည်း အစိုးရစစ်ယာဉ်တန်းများသည် စစ်လက်နက်၊ စစ်ရိက္ခာ နှင့် အခြားစစ် မြေပြင်သုံးပစ္စည်းများ သယ်ဆောင်သွားခြင်းဖြစ်ပြီး စစ်ယာဉ်တန်းလုံခြုံရေးအဖြစ် ခလရ ၄၃ က တာဝန်ယူ လိုက်ပါသည်ဟု ပြောသည်။
ယခုကဲသို့ ရွှေလီမြစ်ဝှမ်း နမ့်ခမ်းမြို့ဘက်လှုပ်ရှားလာသည့်အစိုးရစစ်ယာဉ်တန်းများကြောင့် မြို့တခုလုံး တိတ်ဆိတ်သွားကာခြောက် ကပ်နေသည်ဟု မြို့ခံများက ပြောပြပါသည်။
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း အစိုးရနှင့် အပစ်ရပ်ရန် ဆွေးနွေးဆဲပလောင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ထားသည့် သျှမ်းပြည် တပ်မ တော် တောင််ပိုင်း တပ်ဖွဲ့၊သျှမ်းပြည် တပ်မတော်မြောက်ပိုင်း တပ်ဖွဲ့အပြင် တဘက်က ငြိမ်းချမ်း ရေးဆွေးနွေးထားပြီး တဘက် ကလည်း တိုက်ပွဲဆင်နွှဲနေသည့် ကချင်လွတ်လပ်ရေး တပ်မတော်ကေအိုင်အေ တို့လည်း လှုပ်ရှားသွား လာသည့်ဒေသဖြစ်သည်။