အခြေခံ သတင်းပညာသင်တန်း တောင်ကြီးမြို့တွင် သျှမ်းသံတော်ဆင့် ဖွင့်လှစ်

အခြေခံ သတင်းပညာသင်တန်း တောင်ကြီးမြို့တွင် သျှမ်းသံတော်ဆင့် ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဦးစီးပြီး ပထမဆုံးအကြိမ် အခြေခံ သတင်းပညာ သင်တန်း (ပြည်တွင်း) ကို သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယမန်နေ့ မနက်က စတင်ဖွင့်လှစ်ခဲ့ပါသည်။

 “အခြေခံ သတင်းပညာသင်တန်းကို ၉ ရက်နေ့ မနက်ပိုင်း  ၈:ဝဝ နာရီ မှာ စဖွင့်တယ်။ သျှမ်းဘာသာနဲ့ပဲ အဓိက ပို့ချတယ်။ သင်တန်း စဖွင့်တဲ့နေ့မှာဘဲ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဆရာစိုင်းခွန်းဆိုင် ပေးပို့ လာတဲ့ ဗီဒီယိုမိန့်ခွန်းဖိုင်ကို ဖွင့်ပြ တယ်။ ပြီးတော့ သင်တန်းလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန ဖြစ်ပေါ်လာပုံကို သင်တန်းသား တွေကို ရှင်းပြတယ် ” ဟု သင်တန်းဦးဆောင်သူ စိုင်းမိဏ်း က ပြောသည်။

basic report training

သျှမ်းပြည်နယ် ဒေသအသီးသီးမှ သတင်းပညာစိတ်ပါ၀င်စားသူ သျှမ်းလူငယ် ၁၃ ဦးအား ခေါ်ယူကာ နေထိုင်စရိတ် အခမဲ့ ဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ လူထုတရပ်လုံး စစ်မှန်သည့်ငြိမ်းချမ်းရေး စံစားနိုင်ရန်၊ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်များကို လူထုတရပ်လုံးအား မပျက်မကွက် တင်ပြနိုင်ရန်၊ ဖြစ်ပေါ်နေဆဲဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသန္တရ အတွင်း သတင်းများအား အချိန်နှင့်တပြေးညီ တင်ပြတတ်စေရန် သင်တန်း ခေါ်ယူရခြင်းဖြစ်ကြောင်း ၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးစိုင်းခွန်ဆိုင်း က-  မြတ်စွာဘုရား၏ နှုတ်ကပတ်တော် ၆ ခွန်း အနက် အကျိုးရှိမည် ဆိုပါက လူထုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဟောကြားရမည်  ဟူသကဲ့သို့ မိမိတို့သတင်းဌာန သည်လည်း လူထု ကြိုက်နှစ်သက်သည်ဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ လူထုအတွက် အကျိုးရှိမည့်သတင်းများကို  ရေးသားတင်ပြရ မည်ဟု ဗီဒီယိုမိန့်ခွန်းမှ ပြောကြားခဲ့သည်။

နမ္မတူမြို့မှ စိုင်းခမ်းခင်ကလည်း - ဒေသအတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ တိုက်ပွဲနှင့် စစ်ဆင်ရေး အကျိုးဆက်များအား သတင်းသင်တန်းပြီးနောက်ပိုင်း အချိန်နှင့်တပြေးညီ ပိုမိုတင်ပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောပါသည်။

သျှမ်းသံတော်ဆင့်၏ တောင်ကြီးမြို့ အခြေခံ သတင်းပညာသင်တန်းပွဲသို့ နမ့်ခမ်း၊ လားရှိုး၊ နမ္မတူ၊ မိုင်းရယ်၊ မိုင်းရှုး၊ လင်းခေး၊ မောက်မယ်၊ ကျိုင်းတောင်း၊ ကျိုင်းတုံ၊ မိုင်းပန်နှင့် ရန်ကုန်တို့မှ သျှမ်းလူငယ်များ တက်ရောက်ကြောင်း သိရှိရပါသည်။