ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို

ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပသော မြန်မာငြိမ်းချမ်းရေးစင်တာနှင့်နိုင်ငံရေးပါတီများတိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတိုးတက်အောင်မြင်မှု ပိုမိုရရှိလာကြောင်း SNLD မှ စိုင်းညွန့်လွင်က ပြောသည်။

“ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ဒီတခေါက် တွေ့ဆုံခွင့်ရတာ အကျိုးရှိပါတယ်။ တခြားပါတီဆိုရင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မတွေ့ဖူးသေးဘူး။ မဆွေး နွေးဖူးသေးဘူး။ ဒီဆွေးနွေးပွဲမှာ လာတွေ့ရတော့ တိုင်းရင်းသားတွေ ဘာကြောင့်လက်နက်ကိုင်တိုက်ပွဲ ဝင်နေရသလဲဆိုတာသူတို့သိသွားတယ်။ ဆိုတော့တဖြည်းဖြည်းနဲ့ အောင်မြင်မှုရလာတယ်လို့ဆိုရပါမယ် ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါသည်။

ချင်းမိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲမြန်မာ့ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center  ၏ ဖိတ်ခေါ်မှုကြောင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံမှုကို ချင်းမိုင်မြို့ ရှိတ်အစ်စထားနားဟိုတယ်တွင် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့ပါသည်။
 
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဦးတည်ဆွေး နွေးခဲ့ ကြောင်း  ဆွေးနွေးပွဲတက်ရောက်ခဲ့သည့်ခေါင်းဆောင်များက ပြောသည်။
 
“ ပြည်တွင်းထဲက နိုင်ငံရေးပါတီတွေစဉ်းစားချက်နဲ့ ကျနော်တို့ဒီကစဉ်းစားချက်တွေကို အမြင်ချင်းဖလှယ်ကြ တယ်။ အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြပါတယ် အဲတာတွေ ကတော့  ငြိမ်းချမ်းရေးဘယ်လိုရှိသလဲ၊ ငြိမ်းချမ်းရေးကို အာမခံတဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြေရှာဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲ  ရှိဖို့လိုအပ်တယ်။စတာတွေဆွေးနွေးပါတယ်။ နားလည်မှုပိုမိုရရှိလာတယ်လို့ ဆိုရပါမယ် ”  ဟုသျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီး စိုင်းလှ က ပြောပါသည်။
 
ငြိမ်းချမ်းရေးတည်ဆောက်နေချိန် တနိုင်ငံလုံးအပစ်ရပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် တဖက်ကလည်း ကချင် ပြည်နယ်တွင်တိုက်ပွဲများ ဖြစ်ပွါးနေသည့်အပေါ် စိုင်းညွန့်လွင်က ဤကဲ့သို့ သုံးသပ်ပါသည်။
 
“တိုက်ပွဲကတော့ ချက်ချင်းရပ်တန့်လို့ ရဦးမှာမဟုတ်ပါဘူး။ ရင်ဆိုင်တိုက်ပွဲတွေတော့ ဖြစ်နေဦးမှာဘဲ ။  ဒီတိုက်ပွဲတွေကြောင့်လဲ ဒေသခံလူထု တော်တော်လေး အခက်အခဲရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၂ ဦး၂ ဘက်စလုံးကတော့ တိုက်ပွဲ တွေဆင်နွဲနေပေမယ့် ငြိမ်းချမ်းရေးကိုတော့ မထိခိုက်စေရပါဘူးလို့သဘော တူညီချက်တွေ ဝန်ခံကတိတွေပေး ထားရပါ တယ် ။ ဒါကြောင့်တိုက်ပွဲတွေကို မကြာခင်မှာအဆုံးသတ်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုပါသည်။
 
အစိုးရနှင့် နိုင်ငံရေးပါတီများ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ယခုတွေ့ဆုံပွဲသည် ပထမဆုံးအ ကြိမ်   ပြည်ပ တွေ့ဆုံပွဲဖြစ်ပြီး ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ခုပါဝင်ပါသည်။ သို့သော် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးအသင်းက တက်ရောက်ခြင်းမရှိခဲ့ပေ။

Most read this week