သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တတိယမူကြမ်း ၂၀၁၄ အတွင်း အပြီးရေးဆွဲမည်

သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တတိယမူကြမ်း ၂၀၁၄ အတွင်း အပြီးရေးဆွဲမည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တတိယမူကြမ်းကို ပြန်လည်ဖွဲ့စည်းလိုက်သည့် သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်သစ်က ၂၀၁၄ ခုနှစ်အတွင်း အပြီးရေးဆွဲသွားမည် ဟု သိရှိရပါသည်။

သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်၏ တတိယအကြိမ်မြောက် ညီလာခံကို နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ကိုယ်စားလှယ် ၄၀ ခန့် တက်ရောက်ခဲ့သည်။

SSCDC Nov 2013

“အရင်ကတော့ သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့ သုံးလာခဲ့တယ်။ ဒီတတိယအကြိမ် ညီလာခံ မှာ သျှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့ ပြောင်းလဲရေးဆွဲသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်” ဟု ညီလာခံ တက်ရောက်သူတစ်ဉီးက ပြောပါသည်။

ညီလာခံ၌ ဒုတိယမူကြမ်းကို အခြေခံပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ တတိယမူကြမ်းကို ရေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ရေးဆွဲပြီးပါက ညီလာခံခေါ်ယူ၍ အတည်ပြုမည်ဖြစ်ကြောင်း၊ တတိယ မူကြမ်းကို သျှမ်းပြည်ရှိ တိုင်းရင်းသားဘာသာများဖြင့်လည်း ဖြန့်ချိသွားမည်ဖြစ်ကြောင်း သဘောတူ ညီမှု ရရှိခဲ့ကြသည်။

“ကျနော်တို့နိုင်ငံ အခုလောလောဆယ် အာဏာရှိတဲ့သူတွေကလည်း သူတို့ရဲ့အာဏာ တည်မြဲရေး အတွက် ကြိုးတွေဖြေလျော့နေတယ်။ ပြေလျော့နေတဲ့ကြိုးတွေ အားလုံးပြတ်သွားအောင် ကြိုးပမ်း ရမယ်။ ကြိုးပမ်းတဲ့နေရာမှာ လူကြီးသူမတွေဘဲ မဖြစ်နိုင်ဘူး။ အင်မတန်မှ အားအင်သန်စွမ်းတဲ့ လူငယ်တွေ အားလုံးပါဝင်ရမယ်။ သူတို့ပါဝင်မှ လူထုတရပ်လုံး ပါဝင်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သာမက ကျနော်တို့ရဲ့ ရည်မှန်းတဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံကြီး ပေါ်ပေါက်လာနိုင်မယ်။ ပေါ်ပေါက် လာဖို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို တာဝန်သိသိ လုပ်ဆောင်သွားကြဖို့ တိုက်တွန်း ပါတယ်” ဟု သျှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်သစ်၏ ဥက္ကဋ္ဌ စဝ်ခွန်းဆိုင် က ပြောပါသည်။

ညီလာခံ၌ သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်သစ်ကို ပြန်လည် ဖွဲ့စည်းပြီး ကော်မရှင်၏ သက်တမ်းကို ၂ နှစ် သတ်မှတ်ထားသည်။ ကော်မရှင်၏ လမ်းညွှန်မှု ၁၀ ချက်ကို ပါချမှတ်ခဲ့ကြသည်။

၁− စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားရန်။

၂− ပြည်ထောင်စုအဖွဲ့ဝင် သျှမ်းပြည်နယ်အတွင်း ဖက်ဒရယ် အခြေခံမူနှင့်အညီ ဖွဲ့စည်းတည် ဆောက်သွားရန်။

၃− သျှမ်းပြည်နယ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရရှိကျင့်သုံးရန်။

၄− ဗဟိုချုပ်ကိုင်မှု လျှော့နည်းသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသွားရန်။

၅− အချုပ်အခြာအဏာသည် သျှမ်းပြည်နယ် ပြည်သူများထံမှ ဆင်းသက်သည်။

၆− သျှမ်းပြည်နယ်ရှိ လူမျိုးတိုင်း တန်းတူအခွင့်အရေး ရရှိရန်။

၇− တိုင်းရင်းသား လူမျိုးစု အခွင့်အရေးကို အာမခံရန်။

၈− အခြေခံ လူ့အခွင့်အရေးနှင့် ကျားမ တန်းတူရှိစေရန်။

၉− ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကျင့်သုံးရန်။

၁၀ − ဘာသာရေးကို အခြေမခံသော စနစ်ကို ကျင့်သုံးရန်− တို့ဖြစ်သည်။

သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်ကို ၂၀၀၀ ပြည့်နှစ်၌ ဖွဲ့စည်းထူထောင် ခဲ့သည်။  သျှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပထမမူကြမ်းကို ၂၀၀၄ ခုနှစ်၌လည်းကောင်း၊ ဒုတိယမူကြမ်းကို ၂၀၀၈ ခုနှစ်၌လည်းကောင်း ရေးဆွဲခဲ့သည်။

Most read this week