တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ချင်းမိုင်အခြေစိုက် လူမှုအသင်းအဖွဲ့ များနှင့် တွေ့ဆုံရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့နှင့်အတူ သျှမ်းပါတီနှစ်ခုလည်း လိုက်ပါမည်ဟု ဆိုသည်။
၂၀၁၃ နိုဝင်ဘာ ၂၁ မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များနှင့်တွေ့ဆုံပွဲရန် ဦးအောင်မင်း ဦးဆောင်သည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ၏ ဖိတ်ကြား ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၂ ခုမှ ကိုယ်စားလှယ်များ ချင်းမိုင်သို့ ခရီးထွက်မည်ဖြစ်ကြောင်း ကြားသိရပါသည်။
အဆိုပါ နိုင်ငံရေးပါတီ ၁၂ ခုအနက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ပါဝင်ကြောင်း၊ ကျားနီပါတီ အမည်ရ တိုင်းလျဲန်(သျှမ်းနီ) ပါတီမှာ ဖိတ်ကြားမှု မရကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး စောထွန်းဝင်းကပြောသည်။
“ကျနော်တို့သျှမ်းတွေ ထိုင်းနိုင်ငံမှာ တစ်သန်းထက်မနည်းရှိတယ်လို့ သတင်းကြားတယ်။ အဲဒါသူတို့ တွေ ဘယ်လိုနေထိုင်လုပ်ကိုင်စားသောက်နေလဲ၊ သူတို့အခက်အခဲဘာတွေရှိနေလဲ၊ ဘယ်လိုကူညီဖြေ ရှင်းပေးရမလဲ - စတာတွေပေါ့ - ချင်းမိုင်ရောက်ရင် သျှမ်းလူထု တွေကိုလဲ တွေ့ချင်တယ်” - ဟု ကျားဖြူ ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း(ဝ်း) ကပြောသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အပါအဝင် ထိုင်းနယ်စပ်အခြေစိုက် တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများဆိုင်ရာ လူမှုအခြေပြု အသင်းအဖွဲ့ များနှင့် မြန်မာအစိုးရကိုယ်စားလှယ် မြန်မာ့ငြိမ်းချမ်းရေးစင်တာဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နှင့်အတူ နိုင်ငံရေးပါတီ ကိုယ်စားများပါဝင်သည့် ပြင်ပနိုင်ငံ၌ တရားဝင်တွေ့ဆုံ မည့် ယခုဆွေးနွေးပွဲသည် ပထမ ဦးဆုံးအကြိမ် ဖြစ်ပါသည်။