မိုးနဲမြို့တွင်ကျပ် ၁၀ သိန်းကျော် စိတ်ကြွဆေးများ ဖမ်းဆီးရမိ

မိုးနဲမြို့တွင်ကျပ် ၁၀ သိန်းကျော် စိတ်ကြွဆေးများ ဖမ်းဆီးရမိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် မူးယစ်ဆေးဝါးကင်းစင်ပပျောက်စေရေးစီမံချက်ဟုဆိုကာ ဒေသတွင်း အာဏာပိုင်များဝင် ရောက်ရှင်းလင်းရာမှ ကာလတန်ဖိုး ကျပ် ၁၀ သိန်းကျော်သော မူးယစ်ဆေးဝါးများဖမ်း ဆီးရ မိကြောင်း ဒေသတွင်း သတင်း ရပ်ကွက်ကဆိုပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့ ညနေ ၄ နာရီက လင်းခေးခရိုင် မိုးနဲမြို့တွင်  မြို့နယ်ရဲမှူး ဒု-ရဲအုပ်နှင့် တောင်ကြီးမှ မူးယစ်အဖွဲ့ ဦးလှထွဋ် တို့က မိုးနဲမြို့ နောင်ခမ်းကျေးရွာ ၊ ကန်တုံကျေးရွာနှင့်နောင်ကျော့ရပ်ကွက်သို့ဝင် ရောက် ရှာဖွေရာ မူးယစ် ဆေးဝါးများ ဖမ်းဆီးခဲ့ကြသည်ဟု မြို့ခံတစ်ဦးကပြောသည်။

နောင်ခမ်းကျေးရွာတွင် WY စာတမ်းပါပန်းရောင်စိတ်ကြွဆေး (၁၉) ပြား၊ ကန်တုံကျေးရွာတွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေး (၅၈) ပြား နှင့် နောင်ကျော့ရပ်ကွက်တွင် WY စာတန်းပါပန်းရောင် စိတ် ကြွဆေး(၂၁၀) ပြား စုစုပေါင်း မူးယစ်ဆေး (၂၈၇) ပြားဖမ်းမိပြီး လူ ၄ ဦးကိုပါ ဖမ်းဆီးခဲ့သည်ဟု မြို့ နယ်ရဲမှူး ဒု- ရဲအုပ်က ပြောသည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသော တရားခံ ၄ ဦးမှာ အမျိုးသမီးတစ်ဦးမှာ အသက်(၁၉) နှစ် ဖြစ်ပြီး အမျိုးသား လေးဦးအသက် ၂၀ ကျော် ၃၀ ဝန်းကျင်ရှိသူများဖြစ်ကြောင်း ၎င်းတို့အား အမှုဖွင့်အရေးယူ ထားကြောင်း အဆိုပါမြို့ နယ်မှူးကပြောသည်။

“အဲဒီ အမျိုးသမီးကအသက်ငယ်သေးတယ်။ အစ သူ့အမေကိုဖမ်းမလို့ဘဲ။ ဒါပေမယ့် သူက ‘အဲတာ အမေနဲ့ မဆိုင်ဘူး ကျမကိုဘဲဖမ်းပါ’ လို့ပြောတော့သူ့ကိုဖမ်းသွားတာ။  ပြီးတော့ သူတို့မိသားစုက မူးယစ်ဆေး ရောင်းဝယ်လာတာကြာပြီ။ သူတို့အဖေ မဆုံးသေးခင်ကတည်းကဘဲ။  သူတို့က ရောင်းလဲရောင်းတယ်။ စားလည်းစားတယ်”  ဟုလည်း နိုင်ငံရေးပါတီဝင် အမျိုးသားတစ်ဦးကပြောသည်။

မိုးနဲမြို့တွင် လွန်ခဲ့သော ၂ လ ခန့်ကလည်း ဘိန်းနှစ်ခါ ဖမ်းဆီးရမိကြောင်းကြားသိရသည်။ မိုးနဲမြို့ ဆင်ခြေ ဖုန်းရပ်ကွက်သားတချို့မှာ ဘိန်းစိုက်လုပ်ငန်းလုပ်ကိုင်ကြသည့်အလျောက် မူးယစ်ဆေးသုံးစွဲ သည့်လူငယ်လည်း ယခုနှစ်အတွင်း ပိုမိုများပြားလာကြောင်း   သားသည်မိခင်တဦးကပြောဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့က - အဖျားပိုင်းကိုသာ ရှင်းလင်း ၍ အောက်ခြေအရင်းပိုင်းအထိ မရှင်းလင်းပါက မူးယစ်ဆေးပ ပျောက်ရေး စီမံကိန်းသည် အောင်မြင်မည် မဟုတ်ကြောင်း သုံးသပ်ပါသည်။

ယခုမိုးနဲမြို့နယ်တွင် ဖမ်းဆီးရမိသော WY စာတမ်းပါပန်းရောင်စိတ်ကြွမူးယစ်ဆေး၏  ကာလတန်ဖိုးမှာ စုစုပေါင်း ကျပ် ၁,၁၄၈,ဝဝဝ ရှိကြောင်း  မြို့ခံ ဦးစိုးကပြောပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါတွင် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ပါသည့်အနက် ၉၆  ရာခိုင်နှုန်း သည်  သျှမ်းပြည်မှ ထွက်ရှိကြောင်း UNODC ကမ္ဘာ့မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာနှိမ်နှင်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week