ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဆွေးနွေးပွဲများသည် ပထမအဆင့်သာရှိပြီး ထာဝရတည်တံ့ရေးသည် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းပေါင်း မြောက်များစွာ လိုအပ်လျက်ရှိနေသေးသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အခုဟာက အပစ်အခတ်ရပ်စဲရေးပဲ ရှိသေးတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ထာဝရငြိမ်းချမ်းရေးနဲ့ မတူဘူး။ အဲဒီတော့ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်တယ်ဆိုရင်တော့ ဒါပထမအဆင့်လို့ပဲ တွက်ရမှာပဲ။ ဒါ ပထမအဆင့်ဆိုတာလဲ ခိုင်ခိုင်မာမာလို့လဲ ပြောလို့မရဘူး။ အရင်လဲ အပစ်အခတ်ရပ်စဲရေးတွေရှိဖူးတယ်။ ဒါပေမယ့် ပျက်ခဲ့တယ်။ အဲဒီတော့ ထာဝရငြိမ်းချမ်းရေး ရေရှည်ငြိမ်းချမ်းရေးအတွက်ဆိုတာတော့ အများကြီး ခြေလှမ်းတွေ ယူရဦးမှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားအရေအတွက်များပြားသလို အမြင်များလည်း မတူညီ နိုင်ဘဲရှိနေရာ အားလုံးညှိနှိုင်းရန် အချိန်ယူရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ဒါတွေက နေ့ချင်းညချင်းဖြစ်လာတဲ့ ကိစ္စတွေ မဟုတ်ဘူး။ တခြားနိုင်ငံတွေက ငြိမ်းချမ်းရေးရရှိရေး အတွေ့အကြံုတွေကို ကြည့်လိုက်မယ်ဆိုရင် ဘယ်တော့မှ နေ့ချင်းညချင်း မရဘူး။ နံပါတ်တစ်က နှစ်ဘက်စလုံးကဆန္ဒရှိရမယ်။ ငြိမ်းချမ်းရေးရှိချင်တဲ့ ဆန္ဒကတော့ နှစ်ဘက်စလုံးမှာရှိပြီဆိုရင်တော့ အချိန်ယူရင်တော့ယူရလိမ့်မယ်” ဟု ပြောသည်။
လက်ရှိအခြေအနေတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်တို့ကိုဆွေးနွေးလျက်ရှိ နေသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုဝင်ဘာ ၄ ရက်မှစတင်ကာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်လျက်ရှိသည်။