၂၀၁၃ စက်တင်ဘာလလယ်အတွင်း မြန်မာအစိုးရစစ်တပ် နှင့် သျှမ်းပြည်တပ်မတော် နှစ်ခုစလုံးနှင့် ဖြစ်ပွားခဲ့ သော တို်က်ပွဲများကြောင့် အစိုးရတပ်ဘက် လူသူ ၈၀ ထက်မနည်း သေကြေဒဏ်ရာရရှိသည်ဟု RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်သည်။
စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း မြန်မာစစ်တပ်နှင့် RCSS တို့အကြား တိုက်ပွဲ ပေါင်း ၈ ကြိမ် ထက်မနည်း ဖြစ်ပွါးခဲ့၏။ မြောက်ပိုင်းက SSPP/SSA တို့နှင့်လည်း ပစ်ခတ်ခဲ့မှုများရှိသည်ဟုဆို၏။ သျှမ်းပြည် တပ်မတော် ၂ ဖွဲ့စလုံးနှင့် ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် မြန်မာစစ်တပ်ဘက်က ၈၀ ထက်မနည်း သေကြေဒဏ်ရာ ရရှိသည်ဟု ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။
“အခုလ ၁၀ ရက် အတွင်း ကျနော်တို့တပ်ဖွဲ့ နဲ့ကော၊ မြောက်ပိုင်းတပ်ဖွဲ့နဲ့ရော တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွား တယ်။ အပစ် တွေ ရပ်ထားပြီးတော့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာမဖြစ်သင့်ဘူး။ တိုက်ပွဲကြောင့် အစိုးရဘက် အခုကိန်းဂဏန်းနဲ့ (အယောက် ၈၀ ) သေကြေဒဏ်ရာရတာ ကျနော် စိတ်မကောင်းဖြစ်မိတယ်။ ဖြေရှင်းဖို့ အတွက် ကျနော်တို့ အဆင်သင့်ဖြစ် နေပါတယ်၊ အစိုးရတပ်ဘက်ဘဲလိုတယ်” - ဟု ပြောသည်။
စက်တင်ဘာလ ၂၈ ရက်က ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်မျူးကြီးစိုးဝင်း ဆီထံ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်ပွဲဖြစ်ပွားရ သည့်အကြောင်းရင်း စာရေးခဲ့ကြောင်း၊ လက်တွဲဖြေရှင်းဖို့ရန် အဆင့်သင့်ဖြစ်ကြောင်း၊တိုက်ပွဲများ မဖြစ်ပွားရန် မြန်မာအစိုးရတပ်ဘက်ကလည်း တာဝန်ယူသင့်ကြောင်း ဤကဲ့သို့ ဆက်၍ပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးထားကြပြီးဖြစ်သည်။
ထိုသို့ အပစ်ရပ် ထားပြီးနောက်ပိုင်းလည်း အစိုးရတပ် နှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုလုံး နှင့် တိုက်ပွဲ ပေါင်း အကြိမ် ၁၀၀ ကျော်ထက်မနည်းဖြစ်ပွားခဲ့သည်။