လွှတ်တော်အမတ်ဦးဆောင်သည့် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်းရေးလုပ်ငန်း တိုက်ပွဲကြောင့် ရပ်နားထားရ

လွှတ်တော်အမတ်ဦးဆောင်သည့် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်းရေးလုပ်ငန်း တိုက်ပွဲကြောင့် ရပ်နားထားရ
by -
သျှမ်းသံတော်ဆင့်

လယ်မြေဧကပေါင်းများစွာ ရေလွှမ်းမိုးမှုပြဿနာ၊ ရေလွှဲမြောင်းပိတ်ဆို့မှု ပြဿနာအား ကျားဖြူပါတီ လွှတ်တော် အမတ် (ဒေါ်) နန်းခမ်းအေး ဦးဆောင်ကူညီဖြေရှင်းပေးနေချိန် အစိုးရတပ် နှင့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ကြားတိုက်ပွဲကြောင့် လုပ်ငန်းအားလုံး ရပ်နားထားရသည်ဟုဆိုသည်။

“ပြည်နယ်လွှတ်တော်အစည်းအဝေးပြီးတာနဲ့ ဒီဘက်ကိုကျမရောက်နေတယ်။ ရေလွှမ်းမိုးမှုကြောင့် မြေတွေ နှုန်းတွေ ပြည့်လျှံ နေတဲ့ ရေလွှဲမြောင်းကို ရွာသားတွေနဲ့ ကျမတို့ ဝိုင်းတူးဖေါ်နေချိန် တိုက်ပွဲက စဖြစ်တော့ တာဘဲ။ ၁၇ ရက်နေ့ တုန်းက ပေါ့။ အခုလဲ ထပ်ဖြစ်တော့ အလုပ်ပျက်တယ်။ ရွာသားတွေဘဲ ဒဏ်ခံရတာ လေ” - ဟု ကျားဖြူပါတီ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ပြောပါသည်။

ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး( ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

ယခု (စက်တင်ဘာ ၂၀၁၃ ခု) လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (ဒုဠဝတီ) နမ္မတူမြစ်ဝှမ်း တလျှောက် လယ်မြေများရေလွှမ်းမိုးမှုခံရကြောင်း၊ မြေများ၊ နှုန်းများ၊ သဲများက ရေလွှဲမြောင်းများပေါ်၊ လယ်ကွင်းများပေါ် လွှမ်းသွားသောကြောင့် လယ်မြေ ဧကရာဂဏန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပျက်စီးမှု နည်းသည့်အပိုင်းအား စပါးပင်ရှင်သန်နိုင်ရေးအတွက်သွား ရောက် ကူညီဖြေရှင်းပေးနေခြင်း ဖြစ်သည်ဟု နန်းခမ်းအေးက ဆိုသည်။

“တိုက်ပွဲဖြစ်ရင် လူထုက ထိနာဒါဘဲ။ အပစ်ရပ်သဘောတူညီချက်ရထားပြီး ဘာဖြစ်လို့ အခုလို အချင်းချင်း လိုက်လံတိုက်ခိုက်နေကြတာလဲ။ ဒီကိစ္စ လားရှိုးတိုင်းမှူးဆီကိုရော၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ဆီကိုရော သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်ကို ပါ ပြောလိုက်ပြီ။ ဒီအချိန်လူထုအတွက် လယ် ယာ လုပ်ငန်းအတွက် အထူးအချိန်ပေးရတဲ့ချိန်လေ။ တိုက်ပွဲဖြစ်လာတော့ အလုပ်ပျက်ပြီပေါ့ ” - ဟု စစ်မြေပြင်ရောက် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး က ပြောပါသည်။

ကျားဖြူပါတီ ခေါ်  သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၏ နမ္မတူမြို့နယ် ပြည်နယ် လွှတ် တော်အမတ်နန်းခမ်းအေးသည် လယ်ယာမြေရေလွှမ်းခြင်းခံရသည့် (နမ္မတူမြို့နယ်) မိုင်းယင်ကျေးရွာအုပ်စု လယ်သမား ၈၀ ကျော်ကို ဦးဆောင်ကာ မိုင်းယင်ရေလှောင်သမံ၊ လယ်ရေပေးဝေရေးမြောင်း(ရေလွှဲမြောင်း) ပိတ်ဆို့မှုအား ရေပုံမှန် ပြန်လည်ပတ်နိုင်ရရှိရေးအတွက်  ကိုယ်တိုင်ပါဝင် ကူညီဖြေရှင်း ပေးနေခြင်းဖြစ် သည်။

မြောက်ပိုင်း သျှမ်းပြည်တပ်မတော် ဟု လူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် မြန်မာ အစိုးရတို့သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့ က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထားကြ သော်လည်း နှစ်ဘက်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြသည်။