သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်ရှိ WNO ဝ တပ်ဖွဲ့၏ ၄ ရက်ကြာအစည်းအဝေးမှ ဗဟိုကော်မတီ ဝင်များအား ပြန်လည်ရွေးချယ်လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
“ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးပါ ။ စစ်ဘက်ဆိုင်ရာ အရာရှိတွေအားလုံးတက်တယ်။ စီအီးစီ ပြန်ရွေးတယ်။ အရင်ကထက်ပိုပြီး ကြံ့ခိုင် ခိုင်မာအောင်ပေါ့နော် ” အတွင်းရေးမှူးဖြစ်သူ တာ့ အိုက်ညွန့်က ပြောပါသည်။
သြဂတ်စ်လ ၂၅ ရက်မှ ၂၉ ရက်အထိ ထိုင်းနယ်စပ်ရှိ ဝ အမျိုးသားအဖွဲ့ချုပ်၊ ဝ အမျိုးသား တပ်မတော် WNA/WNO ၏ ကောင်းမုံမိန်း တပ်စခန်းတွင် အစည်းအဝေးကျင်းပရာ ဗဟိုကော်မတီအဖွဲ့အား ဗဟိုကော် မတီဝင် ၉ ယောက် အရံဗဟို ၆ ယောက်နှင့် အဖွဲ့ဝင် စုစုပေါင်း အယောက် ၂၀ ပြန်လည် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။
“ဥက္ကဌကို ဗိုလ်မှူးကြီး တာ့ပလွဲ၊ ဒု ဥက္ကဌကို တာ့မဟာ၊ အတွင်းရေးမှူး က တာ့အိုက်ညွန့်၊ ဒု အတွင်း ရေးမှူးက ညီလူ၊ ဒု အတွင်းရေးမှူး ၂ က လူမိဏ်း ၊ အဖွဲ့ဝင် က ၄ ဦး တာ့လှထွန်း၊ တာ့အိုက်ယီး၊ တာ့ဆန်း၊ အိုက်နွဲ့၊ ဗဟိုကော်မတီ ဝင် စုစုပေါင်း ၉ ဦး ” ဟု ဗဟိုကော်မတီဝင် တဦးက ပြောပါသည်။
မြန်မာအစိုးရ ကမ်းလှမ်းခေါ်ဆိုသည့် အပစ်ရပ်ရေကိစ္စ နှင့်ပတ်သက်ပြီး WNO က အတွေ့အကြုံ ရှိသော မဟာမိတ်အဖွဲ့များနှင့်ဆွေးနွေးတိုင်ပင်ဦးမည်ဟု ဆိုပါသည်။
နိုင်ငံရေးကိစ္စနှင့်ပတ်သက်၍လည်း UNFC နှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း WNO/WNA က ပြောဆိုပါ သည်။
ဥက္ကဌကြီး တာ့တစ်မိန်း ၂၀၁၁ က ကွယ်လွန်ပြီးနောက်ပိုင်း ယခုတိုင် CEC ကော်မတီအား ပထမအကြိမ် အသစ်ပြန် လည်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
WNO/WNA သည် ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC တွင် ပါဝင်ရာ အစိုးရနှင့် အပစ်ရပ်ခြင်း မပြုသေးသည့်အဖွဲ့တဖွဲ့ဖြစ်ပါသည်။