UNFC တွင် ပါဝင်ရန် ဝ−မိုင်းလား အလားအလာ မရှိသေး

UNFC တွင် ပါဝင်ရန် ဝ−မိုင်းလား အလားအလာ မရှိသေး
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ‘ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ’ (UNFC) တွင် ပါဝင်နိုင်ရန် UNFC က အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

UNFC ကိုယ်စားလှယ်များက သြဂတ်စ်လ ၂၈ ရက်နေ့မှ စက်တင်ဘာ ၄ ရက် ယနေ့အထိ ဝ ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းသို့ ရောက်ရှိနေကြောင်း၊ UWSP/UWSA ဝ တပ်ဖွဲ့၊ NDAA-ESS မိုင်းလားတပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း နယ်စပ်အကြားအမြင်များသူတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြ ပါသည်။

“UNFC အဖွဲ့ထဲဝင်ဖို့ဘဲဖြစ်ဖြစ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထူထောင်ဖို့ဘဲဖြစ်ဖြစ် ဝ တပ် ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့က အဆင်သင့်မဖြစ်သေးတော့ လက်မခံသေးဘူး။ မဟာမိတ်အဖြစ်နဲ့ လေ့လာ သူအဖြစ်နဲ့ဘဲ
ဆက်လိုက်သွားမယ်လို့ ဆွေးနွေးခဲ့ပါတယ်”ဟု ၎င်းက ပြောပါသည်။

သို့သော် MNDAA ကိုးကန့်တပ်ဖွဲ့မှာမူ UNFC ၌ ပါဝင်ရန် ပဏာမ သဘောတူထားကြောင်း ဆိုပါ သည်။

“ကိုးကန့်ကတော့ ၂၀၀၉ ခုနှစ်ကတည်းက အစိုးရစစ်တပ်က ထိုးစစ်ဆင်လို့ အပစ်ရပ်တာ ပျက်ပြား သွားတယ်။ ဝနဲ့မိုင်းလား အပစ်ရပ်လာတာ ၂၄ နှစ်ရှိပြီ။ ဆက်ဆံရေးတင်းမာတာတွေ ရှိခဲ့ပေမဲ့ အပစ်ရပ်ပျက်ပြားသွားတာ မရှိဘူး။ အပစ်ရပ်တာ မပျက်ပြားစေချင်လို့ မပါဝင်တာလို့ မြင်တယ်” ဟု နယ်စပ်နေလူငယ်တစ်ဦးက ပြောပါသည်။

သို့သော် UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး အတွင်းရေးမှူး ခွန်ဥက္ကာကမူ UNFC က ဖွဲ့စည်း ထားသည့် ‘နိုင်ငံရေးစေ့စပ်ဆွေးနွေးရေးအဖွဲ့’ထဲ ဝ ၊ မိုင်းလား တပ်များ ပါဝင်လာအောင် စည်းရုံး ရန် ပန်ဆန်းသို့  ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါသည်။  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ပါဝင်ရန် သဘောတူထားပြီးဖြစ်သည့် အတွက် နိုင်ငံရေးဆွေးနွေးပါက UNFC+1 ဖြစ်မည်ဟု ပြောပါသည်။

UNFC က ဖွဲ့စည်းထားသည့် ‘နိုင်ငံရေးစေ့စပ်ဆွေးနွေးရေးအဖွဲ့’၌ အဖွဲ့ဝင် ၉ ဦး ပါရှိသည်ဟု ဆို၏။
ဂျူလိုင်လနှောင်းပိုင်းက UNFC ဦးစီးကျင်းပသည့် တိုင်းရင်းသားညီလာခံကို UWSP/UWSA ဝ တပ်ဖွဲ့၊ NDAA-ESS မိုင်းလားတပ်ဖွဲ့နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့က တက်ရောက်ခဲ့ကြသည်။ ညီလာခံ၌ UWSP/UWSA ပြင်ပဆက်ဆံရေးမှူး ရှောင်းဆမ်ခွန်းက ညီလာခံတက်ရောက်လာသည် မှာ လေ့လာရန်နှင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ရင်းနှီးမှုရယူရန်သာဖြစ်ကြောင်း ပြောကြားခဲ့ သည်။