ဖက်ဒရယ်မူအကြောင်း အလုပ်ရုံဆွေးနွေးပွဲအား ချင်းအမျိုးသား ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်း ဦးဆောင် ပြီး သြဂုတ် ၂၀ - ၂၂ နေ့အထိ သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။
“ဆရာလျံမုန်းဆာခေါင်းက ဖက်ဒရယ်အကြောင်း သိသင့်သိထိုက်တာတွေလာဟောပြောတယ်။ နိုင်ငံရေးအရ အိပ်ငိုက်နေတာကို ပြန်နိုးထပေးတဲ့သဘောပါ။ ပင်လုံကိစ္စတွေ ဘာတွေ အကုန်လာပြောသွားတယ်” - ဟု တက်ရောက်သူ လားရှိုးလူငယ် စိုင်းအိုက်ခမ်းက ပြောပါသည်။
လားရှိုးမြို့၌ ကျင်းပသည့် အဆိုပါ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကျားဖြူ SNDP ပါတီမှ ၁၆ ဦး၊ ကျားခေါင်း SNLD ပါတီ မှ ၁၇ ဦး၊ ကျားနီ ပါတီအမည်ရ သျှမ်းနီ TNDP ပါတီ မှ ၆ ဦး၊ လားရှိုးမြို့ခံ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လူငယ်များ စုပေါင်း အင်အား ရ၀ ကျော် တက်ရောက်ခဲ့ သည်ဟု ဆိုသည်။
“ဒီသင်တန်းက အရမ်းကောင်းပါတယ်။ နောက်နောင်လဲ ထပ်ရှိစေချင်တယ်။ ကျနော့်အမြင်အရ အခုလာ တက်တာ သျှမ်းတွေချည်းဘဲ။ တခြားသျှမ်း ပြည်တိုင်းရင်းသားတွေမပါသေးဘူး။ သျှမ်းတွေ ဘဲဆိုရင် သျှမ်းဘာသာ နဲ့ ပို့ချပေးနိုင်ရင် ပိုကောင်းမယ်။ အခု ဆွေးနွေးပွဲက အင်္ဂလိပ် နဲ့ ဗမာနဲ့ ညှပ်ပြီးပြောတယ်ဆိုတော့ တက်ရောက်သူတချို့က ဗမာလိုတောင်ကောင်းကောင်း မတတ်တာလဲ ပါတယ်လေ။ အဲဒါကြောင့်ပါ” - ဟု တက်ရောက်သူ မိုင်တုံမြို့နယ် ကျားဖြူ အမတ်မင်းတဦးဖြစ်သည့် စိုင်းဝင်းမြတ်ဦးက ပြောပါသည်။
မြန်မာ့ခေါင်းဆောင်ဟောင်းများက ဖက်ဒရယ်မူသည် သျှမ်းမူ ခွဲထွက်ရေးဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုကြ၏။ ပြောဆိုဆွေးနွေးမှုရှိခဲ့ပါက ကြီးလေးသည့် ပြစ်ဒဏ် ပေးလေ့ရှိသော်လည်း ယနေ့ ဦးသိန်းစိန်အစိုးရ ခေတ်တွင်မူ ထိုစနစ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခွင့် ပြုလာခဲ့သည်။
ဒေါက်တာဆလိုင်းလျံမုန်းဆာခေါင်းသည် တိုင်းရင်းသားလူမျိုးများကောင်စီ ENC တွင် ဥက္ကဌအဖြစ်ဆောင်ရွက် ခဲ့ဖူးပြီး ယခုအခါတိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကာ်မတီ WGEC တွင် ပါ၀င်ခဲ့သူဖြစ်ပါသည်။