ယခင်လ UNFC ညီလာခံကြီးမှ သဘောတူဆုံးဖြတ်ချက်များကို ထောက်ခံသော်လည်း အသစ်ပြန်လည်ရေး ဆွဲရန် အတွက်မူ အချိန်စောနေသေးကြောင်း RCSS ခေါင်းဆောင်ကပြောဆိုလိုက်ပါသည်။
“ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့အတွက် ညီလာခံ ဆုံးဖြတ်ချက်တွေကို ထောက်ခံပါတယ်။ သို့ပေမယ့် အခုအချိန်ဟာ ငြိမ်း ချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံကိုအသစ်ပြန်ရေးဆွဲဖို့ ဆိုတာ အချိန်စောနေသေးတယ်လို့ မြင် ပါ တယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောပါသည်။
UNFC ဦးဆောင်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်တိုင်းရင်းသား ကွန်ဖရင့်တရပ်ကို ဂျူလိုင်လ ၂၉ ရက် မှ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်းပခဲ့ သည်။ အဆိုပါညီလာခံမှ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကြောင်း ၊ ယခု နှစ်ကုန်အပြီး အသစ်ပြန်လည်ရေးဆွဲမည် ဖြစ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲမှုသည် ငြိမ်းချမ်းရေးနှင့်ရင်ကြားစေ့ရေး အတွက် မဖြစ်ဘဲစစ်ရေးနှင့်ထိပ် တိုက် ရင်ဆိုင်မှု၊ ဖြစ်လာနိုင်သည်ဟု UNFC အား ဝေဖန်ကြသည်လည်းရှိနေသည်။
“ဘယ်သူ့ကိုဘဲမေးမေး လက်တဆုပ်စာလောက်ကလွဲယင် အားလုံးလိုလိုကတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုမကြိုက် ကြ ပါဘူး။ ဒါပေမယ့်အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်ဖို့အချိန်ဖြစ်တဲ့အတွက် အသစ်ပြန်ရေးဖို့ ထက်ပြင်ဆင်တာကဘဲ ပိုသင့်တော်ပါမယ် ’’ ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြပါသည်။
အဓိက ပြင်ဆင်လိုသောအချက်များမှာ- ၁- ပြည်နယ်တိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမည်။ ၂- ပြည်နယ်အုပ်ချုပ် ရေး မှူး (သို့)ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူလူထုမှရွေးကောက်တင်မြှောက်သော သူဖြစ်ရမည်။ ၃- တပ်မတော်ကို ပြည်ထောင်စု တပ်မတော်အဖြစ်ဖွဲ့စည်းရမည် ဟူသည့်အချက်များဖြစ်ကြောင်း ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က မကြာမီက ပြောဆိုခဲ့ပါသည်။
“နိုင်ငံရေးမည်သို့ပင်ဖက်ဒရယ်ပုံစံပြောင်းလဲရေးဆွဲစေကာမူ တပ်မတော်မှ ဖက်ဒရယ် ပုံစံ ပြောင်းလဲခြင်းမရှိပါ က ပြောင်းလဲမှုမမည်ကြောင်း သျှမ်းသံတော်ဆင့်ကိုပြောခဲ့သည်။ သမ္မတ ကြီး ဦးသိန်းစိန်၊ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းတို့ ကလည်း လွတ်လပ်ရေးရခါစကကဲ့သို့တိုင်းရင်း သားတပ်ဖွဲ့များပြန် လည် ဖွဲ့စည်းသင့် ကြောင်းပြောကြားခဲ့ကြပါသည်။ မည်သို့ပြန်လည်ဖွဲ့စည်းသင့် သည်ကိုမူ မည်သည့်ဘက်မှ တင်ပြချက် များမရှိသေးပါ။