သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့လယ် အရှေ့တိုင်းအဆင့်မြင့်ဟိုတယ်ကြီးအား မီးလောင်ရာ ယွမ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးကြောင်း ဟိုတယ်ဝန်ထမ်းများက ပြောပါသည်။
“မနေ့က မွန်းလွဲပိုင်း ၂ နာရီလောက်က ဒုတိယထပ်က စလောင်တာ။ မီးသတ်ကားက နှစ်စီးပဲ ရှိတာလေ။ တရုတ်ပြည် တာလော့ကနေ လာကူငြိမ်းသတ်မှ မိုးချုပ်ခါနီးလောက်မှာ ငြိမ်းသတ် နိုင်ခဲ့တယ်” - ဟု အမျိုး သမီးဝန်ထမ်း အားမိန်ကျဲ က ပြောပါသည်။
၂၀၁၃ ဩဂတ်စ် ၉ ရက် မွန်းလွဲ ၂ နာရီခန့် မှ ညနေ ၅ နာရီကျော်အထိ မီးလောင်ရာ အိုရီယန်းထာလ် ဟိုတယ် ခေါ် အရှေ့တိုင်းဟိုတယ် ၏ ဒုတိယထပ် နှင့် တတိယထပ် မီးကူးဆက်ပြီး လုံးဝလောင်ကျွမ်း သွားသည်ဟု ဆိုသည်။
မီးလောင်ရခြင်းအကြောင်းရင်းကိုမူ အာဏာပိုင်များ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။
မီးစတင်လောင်ကျွမ်းသည့် ဟိုတယ်ဒုတိယထပ်တွင် အင်တာနက်လောင်းကစား ကွန်ပြူတာ အလုံး ရာချီ ရှိကြောင်း၊ နိုင်ငံခြားငွေလဲလှယ်ရေး အသေးစားဘဏ်လည်းရှိကြောင်း၊ ထို့ပြင် ကာရာအိုကေ နှင့် ပျော်ပွဲစားခန်းလည်းရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး တရုတ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးကြောင်း အဆိုပါဝန်ထမ်းက ပြောပါသည်။
“အဲဒီမှာ လောင်းကစားနေတဲ့ တရုတ်သူဌေးကြီးတယောက်က ကန့်လန့်ကာတွေ ဆွဲဖြဲ၊ ကြိုးလုပ်ပြီး ပြတင်း
ပေါက်ကနေ ဆင်းတာ။ ကြိုးပြတ် ပြုတ်ကျလို့ ခါးရိုးကျိုးသွားတယ်။ သေတဲ့သူလဲ ရှိတယ်လို့ပြောတယ်။ အသေအချာတော့မသိဘူး” - ဟု တည်းခိုခန်းရှိ ခရီးသွား ဦးယန်ဟုန် က ပြောသည်။
အဆိုပါ အရှေ့တိုင်းဟိုတယ်သည် ၆ ထပ်ရှိပြီး ပိုင်ရှင်မှာ မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း၏ အမျိုးသမီး (ဖုန်ကြားရှင်း၏သမီး) ဖုန်ရှင်းချွန်း ဖြစ်သည်ဟုဆို၏။ သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ မိုင်းလားသို့အလည်အပတ်သွားစဉ်ကလည်း ဦးစိုင်းလင်းက အဆိုပါ ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။