သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဖက်ကမ်း ထုန့်မောဝ်ဒေသရှိ တောင်များကို ထိုဒေသ တဝိုက်တွင်နေ ထိုင်သော တရုတ်ရွာသားများမှ မြေဖြို ချမှုကြောင့် လယ်မြေများအတွင်းရေလျှံကာ သီးနှံ အများအပြား ပျက်စီးရ ကြောင်း မြို့ခံများက ပြောပါသည်။
“ ဒီနှစ်မှာမိုးသဲတယ်။ ဝါမဝင်ခင်မှာ ရက်ရှည်ဆက်တိုက် မိုးရွာတယ်။ ဆိုတော့ တောင်ကျချောင်းကနေ ဖြစ်လာတဲ့နမ့်ဆလီး ချောင်းရေလျှံတယ်လေ။ ဒီချောင်းကလယ်မြေတွေကိုဖြတ်ပြီးရွှေလီမြစ်ထဲကို စီးဝင်တယ်ဆိုတော့သူဖြတ်သန်းရာ တလျှောက် က လယ်တွေထဲကို ရေတွေလျှံဝင်တာ။ ရေက တော်တော်နဲ့မကျတော့ စပါးတွေကမှည့်နေပြီ မယူနိုင်ဘူး” ဟု ဒေသခံ ပါ့အေးနန်းက ပြောသည်။
တချို့လယ်ကွက်များရှိ စပါး၊ သီးနှံများမှာ အပင်မှ အညှောင့်ပြန်ပေါက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုပါသည်။
နမ့်ခမ်းမြို့နယ် မန့်စန်းရွာအထက်ဘက်၊ မန့်ကန်ရွာမြောက်ဘက်ရှိ တောင်များတွင် တရုတ်ရွာသားများက ကျောက်တူး မြေဖြို ကာ ကားကြီးများဖြင့် တရုတ်ဘက်သို့ သယ်ယူရောင်းချနေသည်မှာ ယခုနှစ်ဆန်းပိုင်း ကတည်းကဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ အိုက်ယီ့နွံက ပြောသည်။
လွန်ခဲ့သည့်နှစ်များက ရေလျှံသော်လည်း ထိုမျှလောက် ပျက်စီးမှုမရှိကြောင်း၊ ယခုနှစ် ပျက်စီးမှုများပြား သည့်အပေါ် မည်သူမှ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိကြောင်း ပါ့အေးနန်းက ဆက်လက်ပြောပြသည်။
“ အရင်နှစ်တွေတုန်းက တောင်တွေ မဖြိုသေးတော့ ရေလျှံလဲ ရေတွေဘဲမို့ ခဏလေးနဲ့ ရေကျသွားတယ်။ ဒီနှစ်ကျတော့ သဲတွေ မြေတွေပါတော့ မြောင်းတွေ ချောင်းတွေ ပိတ်ကုန်တာလေ။ တချို့လယ်တွေဆို စပါးတွေ အသစ်ပြန်စိုက်ယူကြရ တယ်။ ဘယ်အာဏာပိုင် ဘယ်ပုဂ္ဂိုလ်မှ လာပြီး တာဝန်မယူပေးဘူး။ သူများတွေတော့ ကိုယ့်ဆီက တန်ဖိုးရှိတာတွေ လာယူသွားပြီ။ ဆိုးကျိုးက ရွာသားတွေခံရတာပေါ့” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
အဆိုပါ နမ့်ဆလီးချောင်းမှာ နမ့်ခမ်းမြို့နယ် ဝမ့်ကောင်းတပ်၊ ဝမ့်ခမ်း၊ ဝမ့်နောင် သားများ၏ လယ်မြေများကို ဖြတ်သန်းကာ ရွှေလီမြစ် ထဲသို့ စီးဝင်ကြောင်း နမ့်ခမ်းမြို့ခံများကပြောသည်။