ဝ တပ်ဖွဲ့သွားလာလှုပ်ရှားမှု အစိုးရတပ်စောင့်ကြည့်ထိန်းချုပ်နေဆဲ

ဝ တပ်ဖွဲ့သွားလာလှုပ်ရှားမှု အစိုးရတပ်စောင့်ကြည့်ထိန်းချုပ်နေဆဲ
by -
သျှမ်းသံတော်ဆင့်

ဝ နှင့် အစိုးရ တပ်တို့ တောင်ပိုင်းစစ်ရေးတင်းမာနေမှုကို ကျိုင်းတုံတွေ့ဆုံမှုမှ နှစ်ဘက်သဘောတူ လျှော့ချမှုများ ရှိခဲ့သည်ဟုဆိုသော်လည်း မြန်မာ့တပ်မတော်မှ  ဝ အပေါ် ထားရှိသည့် သဘောထားနှင့် စစ်ရေးနည်းဗျူဟာကမူ လျှော့ချခြင်းမရှိသေးဟု နီးစပ် သည့် အသိုင်းအဝိုင်းကပြောပါသည်။

“တောင်ပိုင်း ဝ တပ်ဖွဲ့ သွားလာမှုကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ရှိနေတုန်း၊ အဓိက ကတော့ ဝ ကားတွေ လူ သူလက်နက်တွေ အင်အားဘယ်လောက်၊ ဘယ်ဘက်ကိုသွား၊ ဘယ်နှစ်ရက် ကြာ ဘာတွေသွား လုပ်တယ်ဆိုတာ အဓိကထားစောင့်ကြည့်ခိုင်းတုန်း၊ ထူးရင်နေ့တိုင်း၊ သိပ်မထူးရင် တပတ်တခါ အထက်ကို မပျက်မကွက် တင်ပြဖို့  ညွှန်ကြားမှုရှိနေတုန်းဘဲ” ဟု တောင်ပိုင်း ၀ ၊  အစိုးရတပ် စစ်ဗျူဟာမှူးတို့နှင့် ရင်းနှီးသည့် နယ်ခြား စောင့် တပ်ဖွဲ့ အရာရှိတဦးကပြောပါသည်။

 သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွင်းနယ်မြေအတွင်း ၀ တပ်ဖွဲ့ပိုင် SW, NW တံဆိပ်ပါကားများအား အစိုးရအာဏာပိုင်များက သွားလာခွင့်မပြုသေးကြောင်း၊ ထို့အတူ လက်နက် နှင့် အတူ စစ်ဝတ်စုံဖြင့် သွားလာခွင့်လည်း ပေးမထားကြောင်း ယာဉ်မောင်းသွား လာသူ ၀ တပ်ဖွဲ့အရာငယ် ဆိုင်းပေါဝ်း က ဤကဲ့သို့ ပြောသည်။

“အခုကျနော် တို့ကားက တရားဝင် ကားခွန်ထည့်ထားတဲ့ ကညန တံဆိပ်ပြား နဲ့ ကားဘဲ သွားလာလို့ ရတယ်။ အဲဒါလဲ လူဘယ်နှစ်ယောက် ကားဘယ်နှစ်စီး၊ ဘယ်ကိုဘာသွားလုပ် စတာတွေ စာရင်းကြိုပေးရတုန်း၊ ကျနော်တို့ စစ်ဝတ်စုံနဲ့ လွတ်လွတ်လပ်လပ်သွားလာနိုင်တာက ပုံပါကျင်မြို့နယ်ခွဲ တခုတည်းဘဲ” - ဟု ပြော ၏။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA ပြင်ပ ဆက်ဆံရေးမှူး ဦးရှောင်းဆမ်ခွန်းက ‘ ကျိုင်းတုံ တွေ့ဆုံ ပွဲ ပြီးတော့ မကြာခင် ဒီလ ၁၄ (၁၄၊၇၊ ၂၀၁၃) ရက်နေ့ကဘဲ သဘောတူညီချက်အရ နှစ်ဘက်တပ်တွေ ဆုတ်ပေး လိုက်ပြီ။ ကျိုင်းတုံမှာ ဂျွန် ၁၈ ရက်နောက်ပိုင်း အင်အားတိုးချဲ့ တပ်စခန်းချထားတာတွေ အကုန် ပြန်ရုပ်သိမ်းဖို့ နှစ်ဘက်သဘောတူလိုက်တော့ စစ်ရေးတင်းမာမှု မရှိတော့ဘူး အဆင်ပြေသွားပြီ’ ဟု သျှမ်းသံတော်ဆင့် သို့ပြော သည်။ သို့သော် ဝ တပ်ဖွဲ့သွားလာရေး ထိန်းချုပ်ခံရမှုပေါ် တစုံတရာ ဝေဖန် မှတ်ချက် ပေးခြင်းမရှိပေ။