RCSS/SSA စစ်ဝတ်စုံဝတ်အစိုးရတပ် သီပေါမြို့နယ်အတွင်း လှည့်လည်

RCSS/SSA စစ်ဝတ်စုံဝတ်အစိုးရတပ် သီပေါမြို့နယ်အတွင်း လှည့်လည်
by -
သျှမ်းသံတော်ဆင့်

ဂျွန်လနှောင်းပိုင်းမှ စ၍ အစိုးရတပ် အချို့ သျှမ်းပြည်တပ်မတော် RCSS/SSA စစ်ဝတ်စုံအား ဝတ် ဆင် ကာ သီပေါမြို့နယ် မန်းတလေး - လားရှိုး ကားလမ်းမြောက်ဘက်ခြမ်း၌ လှည့်လည်နေကြောင်း ဒေသခံများ ကဆိုသည်။

RCSS/SSA  ၏ ၀တ်စုံ  (ဓါတ်ပုံ- သျှမ်းသံတောာ်ဆင့်)

“ဂျွန် ၃၀ ရက်နေ့က တောင်ပိုင်း သျှမ်းပြည်တပ်မတော် စစ်ဝတ်စုံနဲ့ သီပေါမြို့  အနောက်ဘက် ဝမ့်နားမုန့် ရွာ နားမှာ တရုတ်ပြည်ဘက်ကို သွားတဲ့ နွားကုန်ကူးတွေဆီကို ပိုက်ဆံစောင့်ကောက်တယ်။ အခုထိ ဟိုဘက်ရွာပေါ်  ဒီဘက်ရွာပေါ်နေတုန်းဘဲ။ ခလရ ၂၂ က ဗမာတပ်တွေဘဲဆိုတာ ကျနော်တို့ သိတာပေါ့” - ဟု ရွာခံတဦး က ပြောသည်။

ကျောက်မဲအခြေစိုက် ခလရ ၂၂ လက်အောက်ခံ အင်အား ၃၀ ကျော် က သျှမ်းရွာသားအချို့အား ခေါ်ယူပြီး ၎င်းတို့နှင့်အတူ သျှမ်းပြည်တပ်မတော် RCSS/SSA စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းကာ စစ်ကြောင်း လှည့်နေ ကြောင်း ဒေသခံ RCSS/SSA တပ်မှူး တဦးကလည်းပြောဆိုသည်။

“ဘာ့ကြောင့် အဲဒီလို လုပ်လဲဆိုတာကျနော်လဲနားမလည်ဘူး၊ ရွာသား ၃-၄ ယောက်လဲ ပါတယ်။ တခုခု သျှမ်းလို ပြောစရာရှိရင် အဲဒီ လူတွေကို ခိုင်းတယ်။ ကျနော်လဲ စုံစမ်းနေတုန်း။ တပ်ရင်းနာမည်သိပြီ။ တပ်ခွဲ၊ စစ် ကြောင်းမှူး နာမည် စုံစမ်းနေတုန်းပါ။ ကျနော်တို့ ဌာနချုပ်ကိုလဲ ဒီကိစ္စတင်ပြသွားပြီ” - ဟု ဒေသအတွင်း သွားလာသည့် RCSS/SSA တပ်မှူးတဦးက ပြောသည်။

“ကျနော်တို့က ခလရ ၂၂ ကိုလဲ အခွန်ထည့်ပြီးပြီ။ သျှမ်းတပ်ဘက်ကိုလဲ အခွန်ထည့်ပြီးပြီ။ သယ်ယူ ဖြတ်သန်း မဲ့ နွားတွေရဲ့အခွန်ပေါ့။ ကျနော်တို့ ကို သျှမ်းစစ်သားဝတ်စုံနဲ့ အခွန်ထပ်လာကောက်တယ်။ နွားအကောင် သုံးဆယ်ကျော်ကို ကျပ်သိန်း ၂၀ တောင်းတယ်။ ကျနော်က ခင်ဗျားတို့ဆီထည့်ပြီးပေါ့။ ခင်ဗျားတို့ရဲ့ တပ်မှူးနဲ့ တွေ့ချင်တယ်။ ပါလာတဲ့ ပစ္စည်းတချို့လဲ လက်ဆောင်ပေး ချင်တယ်လို့ပြော တော့။ အဲဒီ စစ်သားတု ရွာသား က ဘာမသိဘူးလေ။ ခေါ်သွားတွေ့တော့ ဗမာစကားဘဲပြောတယ်။ ဟိုနှစ်ယောက်လဲ ပါးရိုက်ခံလိုက်ရတယ်။ သူ့ဆီခေါ်လာရကောင်းလားဆိုပြီး ပေါ့။ ကျနော်မှာလဲ ပါတဲ့ ကျပ် ရ သိန်းက ပေးလိုက်ရတယ်လို့ - နွားကုန်သည် စိုင်းခမ်းက ကျနော့်ကိုပြောတယ်” - ဟု  သီပေါ ဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

 အစိုးရတပ် ဝတ်ဆင်သော အဆိုပါပြောက်ကျားအဆင် စစ်ဝတ်စုံသည် ပုခုံးတွင် RCSS/SSA တံဆိပ် ပါသော်လည်း မူရင်းသျှမ်းတပ်ဝတ်စုံနှင့် မတူကြောင်း၊ ပြောက်ကျားအောက်ခံ ခုန်နေသည့် ကျားပုံ မပါကြောင်း လည်း မျက်မြင်အချို့က ပြောပြပါသည်။

ရွှေလီမြစ်ဝှမ်းဒေသ မူစယ် နမ့်ခမ်းဘက်တွင်လည်း RCSS/SSA ၏ အမှတ် ရ၀၁ စစ်ဒေသအား အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်သည့်နောက်ပိုင်း အစိုးရတပ်မှ RCSS/SSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး တရားမဝင် ဂိတ်ချ ကာ ဆက်ကြေးကောက်လေ့ရှိသည်ဟုလည်း အမှတ် ရ၀၁ အရာရှိများက သျှမ်းသံတော်အားပြောပြဖူးသည်။