ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံ ဩဂုတ်လအတွင်း ကျင်းပမည်

ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံ ဩဂုတ်လအတွင်း ကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံကြီးကို လာမည့် ဩဂုတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

enc-conference

ဩဂုတ်လ  ၁ နှင့်၂ - ၂ ရက်တာ ကျင်းပမည့် အဆိုပါ ညီလာခံကြီးအား တိုင်းရင်းသား အင်အားစုများ ဖြစ်ကြသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD)၊ တိုင်းရင်သားလူမျိုး များ ကောင်စီ (ENC)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)နှင့် အခြားသော အဖွဲ့အစည်းများကို ‘ဆွေးနွေးညှိနှိုင်းရေး ကော်မတီ’ ဖွဲ့စည်းရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဆို၏။

“ကျနော်တို့ ‘တူညီမှုအတွင်းမှ ညီညွတ်ခြင်း’ မဟုတ်ဘဲ ‘မတူကွဲပြားမှုအတွင်းမှ ညီညွတ်ခြင်း’အတွက် ပြုလုပ်မှာ ဖြစ်တယ်” ဟု WGEC အဖွဲ့ဝင် စောထူးထူးလေး က ပြောပါသည်။

ပထမအကြိမ် တိုင်းရင်းသား ညီလာခံကြီးကို ၂၀၁၂ စက်တင်ဘာ ၁၄-၁၆ ရက် ၃ ရက်တာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ ကျင်းပခဲ့သည်။ ထိုညီလာခံတွင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ ကို ဖွဲ့စည်းပြီး လမ်းပြမြေပုံ Road Map ၆ ချက်ကို ရေးဆွဲခဲ့သည်။
၁ - နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန်
၂ - အစိုးရနှင့် ဆွေးနွေးပြီး ‘နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်’ ကို သဘောတူညီချက် ရယူရန်
၃ - ပြည်နယ်အလိုက် ညီလာခံ ကျင်းပရန်
၄ - ပြည်နယ်လုံးဆိုင်ရာ ညီလာခံ ကျင်းပရန်
၅ - တတိုင်းပြည်လုံး အတိုင်းအတာနှင့် ပြည်ထောင်စု ညီလာခံကြီး ကျင်းပရန်
၆ - အချိန်သတ်မှတ်၍ အထက်ပါ အချက် ၅ ချက်ကို လုပ်ဆောင်သွားရန် - တို့ဖြစ်သည်။

ဒုတိယအကြိမ် ညီလာခံ၌ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်း တို့ကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း စောထူးထူးလေး က ပြောပါသည်။

WGEC က အကြမ်းအားဖြင့် ချမှတ်ထားသည့် ညှိနှိုင်းဆွေးနွေးမည့် အချက်အလက်များမှာ -
    - ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန်
    - လုံခြုံရေး တိုးမြင့်ပြုပြင်ပြောင်းလဲရန်
    - ဥပဒေ ပြုပြင်ပြောင်းလဲရန်
    - လယ်ယာမြေကိစ္စ
    - မူးယစ်ဆေးဝါး တိုက်ဖျက်ရန်
    - စစ်ပြေးဒုက္ခသည်၊ ပြည်တွင်းဒုက္ခသည်ကိစ္စ
    - ပညာရေးကိစ္စ
    - လူမျိုးတမျိုးနှင့်တမျိုး ခွဲခြားဆက်ဆံသည့်ကိစ္စ - စသည်တို့ ဖြစ်သည်။