ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ရေးကော်မတီဖွဲ့ရန် လွှတ်တော်ကိုယ်စားလှယ် အချိုးကျရွေးချယ်ရာ တွင်ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်ဦးရေအများဆုံးပါဝင်သည်ဟု ကျားဖြူပါတီက ပြောသည်။
“ရာခိုင်နှုန်းအလိုက်ယူတော့ ကြံ့ခိုင်ရေးပါတီက ၅၄ ယောက် ရတယ်။ စစ်တပ်က ၂၅ ယောက်၊ NLD က ၁၅ ယောက်နဲ့ ကျန်တာက SNDP ၄ ယောက်၊ ကရင် ၂ ယောက်၊ ချင်း ၃ ယောက် စသဖြင့် တိုင်းရင်းသားတွေက အဲဒီလောက်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းဝါနုက ပြောသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် SNDP ကျားဖြူပါတီတွင် ၄ ဦး ရွေးချယ်ပြီး ယမန် နေ့က စာရင်းတင်ထားကြောင်း၊ ထိုပုဂ္ဂိုလ်များမှာ နမ့်ခမ်းမြို့မှ ဒေါက်တာ စိုင်းကျော်အုန်း၊ မူစယ်မြို့မှ စိုင်းဖိုးအောင်၊ ကျောက်မဲ မှ စိုင်းဆောင်ဆီ၊ လင်းခေး မှ စိုင်းလှကျော်တို့ ဖြစ်ကြောင်း ဆိုပါသည်။
“ဘာတွေပြင်ချင်လဲလို့ပြောရရင် အားလုံးပြင်ချင်တာဘဲ။ ဒါပေမယ့် ဖြစ်နိုင်တဲ့ အလားအလာ၊ ဖြစ်နိုင် ချေနဲ့ ချိန်ဆရမယ်လေ။ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးအများကြီးပါတယ်။ ကျနော်တို့ကျားဖြူအနေနဲ့ လဲ ဒီကော်မတီထဲမှာ ပါဝင်ခွင့်ရထားတယ်ဆိုတော့ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ပြင်ချင်တဲ့ဟာတွေတော့ ပြင်ခွင့်ရအောင် ကော်မတီထဲကနေ ကြိုးစားသွား ရမှာဘဲ” - ဟု ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ် ရေးကော်မတီတွင်ပါဝင်မည့် ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းလှကျော်က ပြောသည်။
အဆိုပါကော်မတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအမှီ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ပြင်ဆင် သွား ရမည်ဖြစ်ကြောင်း၊ အချိန်အကန့်အသတ်ကြောင့် ရှေ့လာမည့် အပတ်အတွင်းလုပ်ငန်းစတင်သွား ဖွယ်ရှိကြောင်း ဆို၏။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုဆန္ဒခံယူပွဲအရ မဲပေးသူ လူထု ၂၂ သန်းကျော်အနက်၊ သန်း ၂၀ ကျော်က ထောက်ခံဆန္ဒမဲပေးကြောင်း၊ ရာခိုင်နှုန်းအရတွက်လျှင် ၉၂.၄ % ဖြင့် ထောက်ခံမှုရ ကြောင်း - ၂၀၀၈ ဖွဲ့စည်းပုံ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် ဥက္ကဌ ဦးအောင်တိုးက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားသည်။
သို့သော်ကျွမ်းကျင်သူများကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာစစ်တပ်အချိန်မရွေးအာဏာ ပြန်သိမ်းနိုင်ရန် ဟာကွက်များ ပေးထားသည်ဟု ဆိုသည်။