သျှမ်းပြည်တောင်ပိုင်း၌ မူးယစ်ဆေးဝါးအန္တရာယ်စိန်ခေါ်မှုအတွင်း အလယ်တန်းကျောင်းသားလူငယ်များပါ ကျရောက် ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် ဒေသတွင်းရဲရင့်လူငယ်များမှ ကိုယ်ထူကိုယ်ထ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင် သွားမည်ဟု ယမန်နေ့က ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က တွေ့ဆုံဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း စုံစမ်းသိရှိရပါသည်။
၎င်းနှင့်ပတ်သက်၍ မိုးနဲမြို့နယ် ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းမောင်ကြီးက “ ကျနော်တို့ သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်မှာ ယာဘနဲ့ အိုက်စ် အန္တရာယ်ဟာ တော်တော်ကို ရင်ဆိုင်နေရပါ တယ်။ ပေါများလွန်းလို့ အလယ်တန်းကျောင်းသား တွေရဲ့ အသိုင်းအဝိုင်းထဲကိုပါဝင်ရောက်လာပါပြီ။ အခုဆိုရင် ကျောင်း သား ၆၀ ရာခိုင်နှုန်းလောက် ဒီဆေးတွေကြောင့် ပျက်စီးနေပါပြီ။ ဒါကြောင့် မနေ့က ကျနော်တို့အခမ်းအနား တရပ်ကျင်း ပပြီး တော့ မိုးနဲ ကျိုင်းတောင်း မိုင်းပန် လင်းခေး မောက်မယ် ၅ မြို့နယ်က လူငယ်ထု ၆၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။ “ တခြားတပါးသူထံမှ ကူညီထောက်ပ့ံမှု မျှော်လင့်ချက် မထားဘဲ မူးယစ် ဆေးဝါးကို မိမိကိုယ်တိုင်ကစပြီး တိုက်ဖျက်မယ်” ဆိုတဲ့ အချက်ကို သဘောတူခဲ့ကြပြီး စတင် အကောင်အထည်တိုက်ဖျက်သွားမှာဖြစ်ပါတယ်။ အသင်းအဖွဲ့ ရယ်လို့တော့ မဖွဲ့ရသေးပါဘူး။ အခုမှ စတင်တာဘဲ ရှိပါသေးတယ်။ ဆက်လက် တွေ့ဆုံဆွေးနွေးပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားဖို့လည်းရည်ရွယ်ပါတယ် ” ဟု သျှမ်းသံတော်ဆင့်အား ပြောပြပါ သည်။
မိမိကိုယ်တိုင်မှစ၍ မူးယစ်ဆေးမှကင်းကွာအောင် ကျင့်သုံးနေထိုင်ရန်၊ မိမိ မောင်နှမသားချင်း မိဘဆွေမျိုးများအား မူးယစ် ဆေးနှင့်ကင်းကွာအောင်နေထိုင်ရန်အတွက် အသိပေး တိုက်တွန်းရန်ဟူသည့်အချက် ၂ ချက်ကိုအခြေခံ၍ စတင်တိုက် ဖျက်သွားမည်ဟုဆိုပါသည်။
“ ရောင်းဝယ်ဖောက်ကားမှုမပြုရန်ဆိုတဲ့အဆင့်အထိတော့ မရောက်သေးပါဘူး။ မသုံးစွဲဖို့ဆိုတဲ့ ဒီအချက် ၂ ချက်နဲ့ဘဲ စပြီး တိုက်ဖျက်မှာဖြစ်ပါတယ်။ ဘာလို့လဲဆို လူတိုင်းကသိနေတယ် မူးယစ်ဆေးရောင်းဝယ် ဖြန့်ချိနေတာဘယ်သူတွေလဲဆိုတာ။ ဆိုတော့ အခုအချိန်မှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျနော်တို့နဲ့လွန်စွာမှနီးကပ်တဲ့နေရာကိုရောက်နေပါပြီ။ တောမီးဟာ သစ်ပင် ကြီး ငယ်မရွေး အမျိုးအစားမရွေး လောင်ကျွမ်း ပျက်စီးစေနိုင်သလို ကျနော်တို့ လူမှုအသိုင်းအဝိုင်းထဲကိုဝင်လာတဲ့ မူးယစ် ဆေးတွေဟာလဲ အဲလိုပါဘဲ။ ခလေး လူကြီးမရွေး၊ လူမျိုးဘာသာမရွေး ဖျက်ဆီးနေပါတယ်။ တောမီးလောင်ရင် သဘာဝ ပျက်စီးတယ် ရာသီဥတုဖောက်ပြန်တယ်ဆိုတဲ့ ဒဏ်တွေ နောက်ဆက်တွဲခံလာရသလို ကျနော်တို့ လူမှုအသိုင်း အဝိုင်းထဲကို မူးယစ်ဆေးက ဝင်ရောက်အခြေချလိုက်ရင် ကျနော်တို့ အမျိုးသုဉ်းနိုင်တဲ့အထိ လူသားမျိုးသုဉ်းနိုင်တဲ့အထိ အန္တရာယ်ရှိ တယ်ဆိုတာ သျှမ်းပြည်သားတွေသာမက လူတိုင်းကိုသိစေချင်ပါ တယ်။ သိပြီးရင် အချိန်ဆွဲ စောင့် ဆိုင်းနေစရာ မလို ပါဘူး။ ကိုယ်ကိုယ်တိုင်ကစပြီး တိုက်ဖျက်သွားစေချင် ပါတယ်။ နီးစပ်ရာ လက်လှမ်းမီရာကိုလည်း အသိပေး ဟောပြောပေးဖို့ မူးယစ်နွံနစ်နေသူတွေကိုဆွဲထူပေးဖို့ တတ်နိုင်သလောက် ဆက်ဆက်ပြီးလုပ်သွားစေချင်ပါတယ် ” ဟုလည်း ပြည်နယ် လွှတ်တော်အမတ်က အကျယ်တဝင့် ရှင်းပြခဲ့ပါသည်။
ယမန်နေ့ ဂျွန်လ ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က ဒေသတွင်းလူထုမှစုပေါင်း၍ “မူးယစ်ဆေး ဝါး အန္တရာယ် ပညာပေးဟောပြောပွဲ” အခမ်းအနားတရပ်ကို မိုးနဲမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ရပ်မိရပ်ဖများနှင့် ကျားဖြူ ပါတီမှ လွှတ်တော်အမတ်များက မိမိတို့နှင့် နီးကပ်စွာရှိနေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ကိုယ်ထူကိုယ်ထ စတင် တိုက်ဖျက်သွားဖို့ ဟောပြောတိုက်တွန်း ခဲ့သည်ဟုလည်း ဆိုပါသည်။
အခမ်းအနားကို လင်းခေးခရိုင် မိုးနဲမြို့နယ် လွယ်ချို အုပ်စု ဝမ့်ဖွီးလဲမ်ရွာတွင်ကျင်းပ ပြီး တက်ရောက်သည့် ပရိသတ် ၆၂၄ ယောက်ရှိကြောင်း၊ မိုးနဲမြို့နယ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းကျော်ဝင်းကသဘာပတိ အဖြစ်ဆောင်ရွက်ပေးကြောင်း၊ ၅ မြို့နယ်မှ လူငယ်များတွေ့ဆုံပွဲအစီအစဉ်အပါဝင် အစီ အစဉ် ၁၁ ခုဖြင့် အခမ်းအနားကျင်းပပြီး ပရိသတ်များ အား ထမင်း ထုတ် ဟင်းထုတ်များဝေငှပေးကာ အခမ်းအနား ရုပ်သိမ်း ခဲ့ကြောင်း၊ ညပိုင်းတွင်မူ တေးဂီတ ဖျော်ဖြေ ပွဲရှိကြောင်း စိုင်းမောင်ကြီး၏ပြောပြချက် အရသိရပါသည်။