စစ်မှန်သောဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ဒေါ်စုနှင့် RCSS ခေါင်းဆောင် သဘောထားချင်းတူညီ

စစ်မှန်သောဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ဒေါ်စုနှင့် RCSS ခေါင်းဆောင် သဘောထားချင်းတူညီ
by -
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမဟုတ်မချင်း ငြိမ်းချမ်းမှု ရမည်မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့  သဘောထား ချင်းတူညီစွာ ဆွေးနွေးခဲ့ကြသည်ဟု  RCSS ကပြောသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- Shan State Army)

“သျှမ်းပြည်တွင်းမှာဖြစ်နေတဲ့ပြဿနာအရပ်ရပ်ကို လွှတ်တော်ထဲမှာ ကူညီတင်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော် တို့ကို ပြောပါတယ်။  ဖက်ဒရယ်အကြောင်းဆွေနွေးရာမှာ သူမက စစ်မှန်တဲ့  ဖက်ဒရယ်ပြည်ထောင် စုဖြစ်ဖို့ လွှတ်တော်ထဲ မှာနေပြီး ကြိုးစာနေပါ တယ်တဲ့။ ကျနော်တို့ခံယူထားသလိုပါဘဲ  သူမကလဲ -  မြန်မာနိုင်ငံမှာ စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စု မဖြစ်ပေါ်လာရင် ငြိမ်းချမ်းမှာမဟုတ်ဘူးလို့  ကျနော်တို့ကိုဆွေးနွေးပါတယ် ” ဟု RCSS/SSA ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။

ပြီးခဲ့သည့်စနေနေ့ ဂျွန်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်က သွားရောက်လည်ပတ် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး ဖက်ဒရယ်နှင့် မူးယစ်တိုက်ဖျက်ရေးအကြောင်းဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားလိုက်ခြင်းဖြစ် သည်။

“ကျနော်တို့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နဲ့ မူးယစ်ဆေးဝါးအကြောင်း ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ တဦးနဲ့တဦးကြား ရိုးသားမှုမရှိရင် ၊ စည်းလုံးညီညွတ်မှု မရှိရင်တရားမျှတ မှုမရှိရင် လုံးဝ မအောင်မြင် နိုင်ပါဘူး။ ငြိမ်းချမ်းရေးကိုစေတနာပါပါလုပ်မှအောင်မြင်မှာဖြစ်တယ် လို့ပြောပါတယ်။ သူမအနေနဲ့လဲ တတ်နိုင်ဘက်က လွှတ်တော်ကနေ ကူညီဆောင်ရွက်သွားမယ်-- တဲ့။ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ  တိုက်ရခိုက်ရတာ နှစ်ပေါင်းများစွာကြာနေပြီ။ ပြည်သူလူထု မောနေပြီ။ ဒါကြောင့် တိုက်ခိုက်မှုတွေရပ်တန့်ဖို့အချိန်တန်ပြီလို့- သူမကပြောပါတယ် ” ဟု သျှမ်းပြည်တပ်မတော်က ဆိုပါသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အဘက်ဘက်လက်တွဲဆောင်ရွက်မှသာ ဖြေရှင်းနိုင်မည်ဖြစ် ကြောင်း ပြောဆိုခဲ့ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးသည့် ခရီးစဉ်တွင် ဒေါ်အောင် ဆန်းစုကြည် အပြင် သျှမ်းခေါင်းဆောင်များ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် လူမှုအသင်း အဖွဲ့များ လည်းတွေ့ဆုံခဲ့ သည်။ ယနေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်းသို့ခရီးဆက်၍ ဒေသခံလူထုနှင့် ဆက်တိုက်တွေ့ဆုံမှုပြုနေကြောင်း ကြားသိရသည်။