ရန်ကုန် ၌ သျှမ်းခေါင်းဆောင်များ တွေ့ဆုံ

ရန်ကုန် ၌ သျှမ်းခေါင်းဆောင်များ တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့ညက ညနေ ၄ နာရီခန့် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်နှင့်အဖွဲ့သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်းဦး - ရန်ကုန်မြို့ပြည်လမ်းရှိ နေအိမ်၌ လက်ရှိနိုင်ငံရေးအခြေအနေ၊ သျှမ်းတိုင်းရင်းသားတို့၏ လိုအပ်ချက်များ တွေ့ဆုံဆွေးနွေးကာ သတင်းစာရှင်းလင်းပွဲတရပ်ပါပြုလုပ်ခဲ့သည်။

သျှမ်းခေါင်းဆောင် ၅ ဦး စဝ်ဟန်ယောင်ဟွေ့၊ ဦးစိုင်းအိုက်ပေါင်း၊ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်၊ စဝ်ခွန်ထွန်းဦးနှင့် ဒု-ဗိုလ်ချုပ်ကြီးဆေထဲန် (ဓါတ်ပုံ- ကော့လီမီဒီယာ)

၁၉၉၇ ခုနှစ်ကတည်းက ထိုစဉ်စစ်အစိုးရမှ ဖြတ်လေးဖြတ် စနစ်သုံး ၍ အဓမ္မပြောင်းရွှေ့ခိုင်းခြင်းကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းပြည်သား ၈ သိန်းခန့်အတွက် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုမတိုင်ခင် ပြည်တွင်းပြန်မှတ်ပုံတင်လုပ်ရန်နှင့်   ၎င်းတို့စွန့်ခွါခဲ့သော ရပ်ရွာဟောင်းများ၌ ပြန်လည်အခြေချနေနိုင်အောင် လုပ်ဆောင် ပေးရန် အကြံဉာဏ်များကို ခွန်ထွန်းဦး တို့ထံမှ ရယူရန် ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား များပြန်လွှတ်မြောက်နိုင်ရေးနှင့် မတရားအသင်း နှင့်ဆက်သွယ်မှု ပုဒ်မ ၁၇-၁ အား ဖျက်သိမ်းအောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ၂၀၁၄ အတွင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွင် သျှမ်းပြည်တွင်း နိုင်ငံရေးပါတီ လက်နက်ကိုင်တပ်ဖွဲ့နှင့်လူထုတို့ ပါဝင်နိုင်ရေးအတွက် အဓိကအချက် ၃ ချက်ကို ဆွေးနွေး နိုင်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင်  ပြောကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောင်ဝ်ဆိုင် က သျှမ်းသံတော်ဆင့်အားပြောပါသည်။

ဥက္ကဌကြီး ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သော RCSS/SSA အဖွဲ့အား သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌကြီး ခွန်ထွန်းဦးနှင့်အတူ စိုင်းလှအောင် အတွင်းရေးမှူး စိုင်းညွန့်လွင် တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်နှင့် ပါတီဝင်များ က ကြိုဆိုခဲ့ကြသည်ဟုဆိုပါသည်။

“သတင်းစာရှင်းလင်းပွဲကို ဥက္ကဌကြီး ခွန်ထွန်းဦးနဲ့ တွေ့ဆုံမှုအပြီးမှာ လုပ်တာပါ။ ခွန်ထွန်းဦးနေအိမ်မှာဘဲ ပြုလုပ်ခဲ့ပါ တယ်။” ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးလောင်ဝ်ဆိုင်က ပြောပါသည်။

ထို့အတူ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ Chatirum Hotel ၌ RCSS/SSA ခေါင်းဆောင် နှင့် SNLD ဉက္ကဌ တို့အပြင် SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း နှင့် SSPP/SSA နာယက ဒု- ဗိုလ်ချုပ်ကြီးဆေထဲန်၊ ဥရောပ-မြန်မာရုံးက စဝ်ဟန်ယောင်ဟွေ့ တို့ ပါဝင်သည့် မိတ်ဆုံညစာစားပွဲတရပ်ဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်အား ဂုဏ်ပြုကြိုဆိုခဲ့သည်ဟုသိရသည်။

“အဲဒီမှာ ထူးထူးခြားခြား တွေ့ဆုံကြတာပေါ့ဗျာ။ ညစာစားပွဲသက် သက်ဖြစ်ပါတယ်။ နိုင်ငံရေးအထူးဆွေးနွေးတာ မရှိပါဘူး။ စားရင်းသောက်ရင်းနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဘယ်လို လုပ်သင့်သလဲဆိုတာလေးတွေတော့ ပြောဖြစ်ခဲ့ကြတယ်” ဟု ဗိုလ်မှူးလောင်ဝ်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။

သမ္မတကြီး၏ ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သော အဖွဲ့သည် ဂျွန်လ ၉ ရက်နေ့မှ စ၍ နေပြည်တော်၊ ရန်ကုန် နှင့် အခြားမြို့များသို့ ခရီးထွက်နေခြင်းဖြစ်သည်။

Most read this week