သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဒေသခံရွာသား ၂ ဦး သတ်ဖြတ်ခံရမှုမှာမြန်မာ့တပ်မတော်စစ်ကြောင်း၏ လက်ချက်မဖြစ်နိုင်ဟု ရမခ တိုင်းမှူးက ပြောဆိုကာ တာဝန်မယူသဖြင့် လွှတ်တော်သို့ တင်ပြရန်စီစဉ် ထားကြောင်း SSPP ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။
“ ကျနော်တို့ရဲ့ လူထုဆက်ဆံရေးတာဝန်ခံ စိုင်းကောင်းနဲ့ စိုင်းဆန်တောင်းကို အစိုးရစစ်ကြောင်းက မမေးမြန်းဘဲနဲ့ ပစ်သတ် တယ်။ ဖမ်းဆီးသွားတယ်။ ကျနော်တို့ လူကိုပြန်လွှတ်ပေးဖို့ ရမခ တိုင်းမှူးကို စာရေးတင်ပြတယ်။ ကျနော်တို့ ရုံးတာဝန်ခံ ကိုယ်တိုင်လဲ သွားပြီး တင်ပြတောင်းဆိုတယ်။ အဲတာ ရမခတိုင်းမှူးက မြန်မာစစ်တပ်ရဲ့လက်ချက်မဖြစ်နိုင်ဘူး၊ သတင်း မကြား ရဘူးလို့ ပြောလာတယ်။ ဒီကိစ္စ ရမခတိုင်းက တာဝန်မယူဘူးဆိုတော့ လွှတ်တော်ထဲမှာ တင်ပြပေးဖို့ ကျားဖြူ ပါတီကို အကူအညီတောင်း ထားတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အားပြောသည်။
ဂျွန်လ ၅ ရက် ယခင်အပတ် ဗုဒ္ဓဟူးနေ့က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဝိန်းနန်းအုပ်စု ပန်ခမ်းရွာသား ( SSPP/ SSA ၏ လူထုဆက်ဆံရေးတာဝန်ခံ ) စိုင်းကောင်းနှင့် စိုင်းဆန်တောင်းတို့ နောင်ကောက် လုတ်ရွာရှိ ရာဘာခြံမှအပြန် ပန်ခမ်းရွာမတိုင်ခင် တဖာလုံအကွာတွင် တပ်ရင်းမှူး ဗိုလ်မှူး အောင်သန်းမိုး ဦးဆောင်သော ခမရ ၅၀၁ မှ စစ်ကြောင်း တကြောင်းနှင့်ပက်ပင်းတိုးမိပြီး ပစ်ခတ်ခံရခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုကြောင့် စိုင်းကောင်းမှာပွဲချင်းပြီးသေဆုံးကြောင်း စိုင်းဆန်တောင်းကိုမူ စစ်ကြောင်းနှင့်ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း နမ္မတူဒေသခံ ကပြောပါသည်။
“ စိုင်းဆန်တောင်းကို သိန္နီဘက်ဖမ်းခေါ်သွားလို့ သူ့အမေက သတင်းကြားကြားချင်းလိုက်သွားတယ်။ မတွေ့ဘူး။ ပြန်မရလာတော့ တိုင်းရုံးကို ထပ်သွားတိုင်တာပေါ့။ တိုင်းရုံးက မသိရဘူး မဖြစ်နိုင်ဘူးဘဲခေါင်း ခါနေ တာကိုး” ဟုလည်း သျှမ်းပြည်တပ်မတော်မှ တပ်မှူးတဦးကလည်းပြောဆိုပါသည်။
ပြီးခဲ့တဲ့လကပင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်ခေါင်းဆောင်နှင့် SSPP တို့ တန့်ယန်း၌ တွေ့ဆုံ၍ နောက်ထပ်တိုက်ပွဲမဖြစ်ရအောင် နှစ်ဦးနှစ်ဘက်စလုံး သတိဖြင့်နေထိုင်သွားမည်ဟုဆွေးနွေး သဘောတူခဲ့ကြသည့်တိုင် ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပစ်ခတ်မှုများ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့၌ ဆက်လက်ဖြစ်ပွါး နေပါသေးသည်။