FUP ထူထောင်ရန် ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအားလုံးသဘောတူ

FUP ထူထောင်ရန် ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအားလုံးသဘောတူ
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားပါတီများစုပေါင်း၍ ဖက်ဒရယ် ပြည်ထောင်စုပါတီ Federal Union Party (FUP) ထူထောင်ရန် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီက သဘောတူထောက်ခံ ကြောင်းသိရပါသည်။

“ကျားဖြူပါတီရဲ့ ၆ ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ FUP ထူထောင်တာကို အားလုံးကသဘောတူထောက်ခံတယ်။ ကျန်တဲ့တိုင်းရင်းသားပါတီတွေနဲ့ မနက်ဖြန် မှာအစည်း အဝေး လုပ်ပြီး FUP ထူထောင်သင့် မထူထောင်သင့် ဆွေးနွေးမယ်” ဟု ကျားဖြူပါတီဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့် က ပြောပါသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပြည်နယ်မဟုတ်သည့် ဒေသများ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်သည့် ဖက်ဒရယ် ပြည်ထောင်စုပါတီ FUP ထူထောင်သင့်-မထူထောင်သင့်ကို တိုင်းရင်းသား ပါတီ ၁၅ ပါတီက ဂျွန်လ ၁၁ ရက်မှ ၁၂ ရက် တောင်ကြီး၌ အစည်းအဝေးပြုလုပ်၍ ဆွေးနွေးဆုံးဖြတ် မည်ဟု ဆိုသည်။

ဆဋ္ဌမကြိမ်မြောက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီ SNDP ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကိုသျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့၌ ဂျွန်လ ၈ ရက်မှ ၉ ရက်နေ့ထိ ၂ ရက်တာ ကျင်းပခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြီးနောက် သဘောထားကြေငြာချက် ထုတ်ပြန်ရာ -

(၁) ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဖက်ဒရယ် ပြည်ထောင်စုအခြေခံဥပဒေကိုကျင့်သုံးမှသာလျှင် အောင်မြင်မည်ဟုယုံကြည်သည်။

(၂) ဖက်ဒရယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်း၍ အက် ဥပဒေအရအကြွင်းအကျန် အာဏာကိုပြည်နယ်များမှ ကျင့်သုံးခွင့် ရမှသာလျှင် စစ်မှန်သည့်ဖယ်ဒရယ် ပြည်ထောင်စုဖြစ်လာမည်ဟုယုံကြည်သည်။

(၃) ဤပါတီသည် နိုင်ငံတော်အား ၁၄ ပြည်နယ်အဖြစ် ပိုင်းခြားဖွဲ့စည်းခြင်းကိုလက်ခံသည်။

(၄)  မတရားအသင်းပုဒ်မအက်ဥပဒေ ၁၇/၁ သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အတားအဆီးဖြစ်သဖြင့် ပယ်ဖျက်သင့်သည်။

(၅) ဤပါတီသည် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတွင် ဆက်လက် ပူးပေါင်းလက်တွဲဆောင်ရွက်တော့ မည်မဟုတ်။

(၆) ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် PR System ကို ရွေးချယ်ကျင့်သုံးမည် ကို လုံးဝ လက်မခံပါ။

(၇) လယ်ယာမြေမတရားသိမ်းဆည်းခံရသောသူများပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်မှ မှန်ကန်စွာနှင့်လျင်မြန်စွာစုံစမ်းဖြေရှင်းပေးရန် တိုက်တွန်းသည်- တို့ဖြစ်သည်။

ဖက်ဒရယ် ပြည်ထောင်စုပါတီ FUP ထူထောင်ပါကလုပ်ငန်းတာဝန်များပိုမိုများပြားလာမည်ဖြစ်သည့် အတွက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတွင် ပါဝင်တော့မည် မဟုတ်ဟုဦးစောသန်းမြင့်က ပြောပါသည်။

အဆိုပါ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC မှ ထုတ်နှုတ်ရန် စာတင်ထားသော သျှမ်းပြည်တောင်ပိုင်းပင်လုံမှ စဝ်ဆိုင်မိဏ်းနှင့် မိုင်းကိုင်မှ စိုင်းပန်တို့အားနှုတ်ထွက်ပြုလိုက်ပြီဖြစ် ကြောင်း၊ ၎င်းတို့အစားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောသန်းနှင့် မိုးနဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်မြင့် တို့အား အားလုံး၏ သဘောတူညီချက်ဖြင့် အစားထိုး ဖြည့်သွင်းထားကြောင်းဆိုပါသည်။