လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ လူသတ်တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကိုလုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းသိရသည်။

“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်းချင်း ရဲရဲ့ သေနတ် လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ  တာဝန်ကျ   ရဲတယောက် က သေနတ်လုပြေးတဲ့ တရားခံ ကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။  တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက်  ဒဏ်ရာရ  တယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက် သွားတယ်။ သေနတ် ၂ လက်ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ်  လိဖန် ၊  အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေးလူမျိုး ဘိန်းမှောင်ခိုနှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ  နာမည်အတိအကျမသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန်   ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ”  ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်ပါ၀င်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင် သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိုလုပ်ပြီးထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝတွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကိုလွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော် တို့ ဘက်ကလဲ  -  ငွေကြေးမတတ်နိုုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့  မေလ ၂၉ ရက် မှပြန်ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေးတာလဲ  တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ် မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်လှန့်နေကြကြောင်းသတင်းရရှိသည်။

Most read this week