သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ ယခုလ ၁၀ ရက်နေ့ နောက်ပိုင်း တွေ့ဆုံနိုင်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က ပြောသည်။
RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံလိုကြောင်း တင်ပြထားသည်ကို ဇွန်လ ၁၀ ရက်နောက်ပိုင်းတွင် တွေ့ဆုံနိုင်လိမ့်မည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဇွန်လ ၁ ရက်နေ့တွင် အကြောင်းပြန်လိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့က နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံဖို့အတွက် တောင်းဆိုထားတယ်။ အဲဒါကို ဝန်ကြီး ဦးအောင်မင်း ကနေ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်း သမ္မတကြီးနဲ့ တွေ့ဆုံဖို့အတွက် စီစဉ်ပေးမယ်။ ၁၀ ရက်နေ့ နောက်ပိုင်း ဆိုရင် သူတို့ အားပါပြီလို့ ဖိတ်လာပါတယ်” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က ပြောသည်။
သို့သော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဖိတ်ကြားခြင်း မဟုတ်ကြောင်း သူက မှတ်ချက်ပြုသည်။
သမ္မတနှင့် RCSS/SSA ဥက္ကဋ္ဌတို့ တွေ့ဆုံသည့်အခါ ထည့်သွင်းဆွေးနွေးနိုင်ရန် အကြံဉာဏ်များ ရယူသည့် ရှမ်းအဖွဲ့အစည်းများ ဆွေးနွေးပွဲတရပ်ကိုလည်း ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါ် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA နှင့်မြေပေါ်မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်း တိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ (SNDP)၊ ရှမ်းလူမှုအခြေပြု အဖွဲအစည်းများ အပါအဝင် အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်မှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့ သည်။
“ဥက္ကဋ္ဌကြီးနဲ့ သမ္မတတို့ တွေ့ဆုံခွင့်ရခဲ့ရင် သူတို့ဆီကနေ သဘောထားတွေ ရယူတာ ဖြစ်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့၊ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လုပ်ပေးဖို့၊ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေးကို ရေရှည်တည်တံ့ခိုင်မြဲဖို့ အစိုးရကနေ တာဝန်ယူပေးဖို့၊ အကောင်အထည် ဖော်ပေးဖိုိ့၊ မတရားအသင်းက ပယ်ဖျက်ပေးဖို့၊ ပြည်သူလူထုတွေက လက်နက်ကိုအဖွဲ့တွေ နိုင်ငံတော်ကနေ ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးကို ကြိုဆိုကြောင်း ဒီဖြစ်စဉ် ထဲမှာ ဘယ်လိုနည်းနဲ့ ပါဝင်နိုင်ဖို့ အရေးလိုလားကြောင်း ဆွေးနွေး ဖြစ်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က ပြောသည်။
မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသူ RCSS/SSA မှ အဖွဲ့ဝင် ၅၀ ကျော်ကိုလည်း လွတ်ပေးရန် တင်ပြတောင်းဆိုသွားမည် ဖြစ်ပြီး မြန်မာအစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှု မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအချင်းချင်း လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရရန် တို့ကို တင်ပြသွားမည်ဟု ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူပြီးနောက်ပိုင်း ယခုနှစ် မေလ ၁၇ ရက်နေ့ထိ အစိုးရစစ်တပ်နှင့် RCSS/SSA တပ်များအကြား တိုက်ပွဲအကြိမ်ပေါင်း ရ၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။