မူစယ်မြို့ အကြမ်းဖက်မှု အချိန်မီ တားဆီးနိုင်ခဲ့

မူစယ်မြို့ အကြမ်းဖက်မှု အချိန်မီ တားဆီးနိုင်ခဲ့
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့ညပိုင်း ၉ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုကိုးကွယ်နေသည့် နေအိမ် နှစ်လုံးကို လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးရန် ကြိုးပမ်းစဉ် အာဏာပိုင်များက အချိန်မီကြိုတင် တားဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်သတင်းရပ်ကွက်က ပြောသည် ။

ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင်ဆိုသူ အမျိုးသား တစ်ဦး က ဓါတ်ဆီလောင်းမီးရှို့ခဲ့သည့်ဖြစ်စဉ်အပြီး မူစယ်မြို့၌လည်း လူများစုဝေးလာကာ အစ္စလာမ်ဘာသာဝင်များဝတ်ပြုနေ သည့် နေအိမ်များအား ဖျက်ဆီးရန် ကြိုးပမ်းမှုရှိခဲ့ရာ အချိန်မီ လူစုခွဲ တားဆီးနိုင်ခဲ့ကြောင်း မူစယ်မြို့ အာဏာပိုင် နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။

“မြို့ခံတချို့လည်းပါတယ်။  ၁၀၅ မိုင်ဘက်က လူတွေလည်းပါတယ်။ မူစယ်မှာ စုဝေးပြီး (တရားမဝင်ပေါ့နော်) အစ္စလာမ်ဘာသာ ၀င်တွေ ဗလီလိုသဘောထားပြီး ၀တ်ပြုနေတဲ့ နေအိမ်တွေကို ဖျက်ဖို့ လုပ် နေတုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မီးသတ်တပ်ဖွဲ့တွေ အာဏာပိုင်အဖွဲ့တွေက တားဆီးလိုက်နိုင်တယ် ” ဟု သူက ဆိုသည် ။

မူစယ်မြို့နှင့် ကပ်နေသည့် တရုတ်နိုင်ငံ ရွှေလီမြို့၌ ရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်လာသော အစ္စလာမ်ဘာသာဝင် အ မြောက်အများ နေထိုင်လျှက်ရှိရာ အဆိုပါ ဘာသာဝင်များ မူစယ်ဘက်သို့ ၀င်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ် လာမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်းလည်း သိရသည် ။
“ အဲဒီအကြမ်းဖက်မှုတွေ ဖြစ်နေတာကလေ ဗမာဘက်က စလုပ်တာတွေရှိသလို ကုလားတွေဘက်က လုပ်တာတွေလည်း ရှိနေတာ ပေါ့နော်။ ဟိုတစ်လောကပဲ ဒီမူစယ်မှာ ဗလီကိစ္စနဲ့ပတ်သက်ပြီး ကုလားတွေဘက်က ဆန္ဒပြမဲ့ဟာမျိုးတွေ လုပ်လာ တာလည်းရှိတယ်။ ရွှေလီဘက်မှာဆို ကုလားတွေများတော့ သူတို့ဝင်လာပြီး အကြမ်းဖက်မှာလည်း စိုးရိမ်နေရတယ် ” ဟု မူစယ်ဒေသခံတစ်ဦးက ဆိုသည် ။

လားရှိုး အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ယမန်နေ့ညပိုင်းက တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင် - မူစယ်ဝင်ထွက်ပေါက်များ အားလုံး တရုတ် အာဏာပိုင်များက ပိတ်ပင်ထားကြောင်း ကုန်သည်များ အပြောအရ သိရသည် ။

ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ လားရှိုးမြို့၌ စတင်ဖြစ်ပွားခဲ့ရာ  သျှမ်းပြည် (မြောက်ပိုင်း) အတွင်း အကြမ်းဖက်မှု များ မကူးစက်စေရေး အတွက် လုံခြုံရေးအရ အသင့် ပြင် ဆင်ထားကြောင်းလည်း စောစောက အာဏာပိုင်နှင့် နီးစပ်သူက ဆက်ပြောသည် ။

ယနေ့နေ့လည်ပိုင်းတွင် မူစယ်မြို့၌ အခြေအနေ မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းလည်း သိရသည် ။