ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နှင့်အစိုးရတို့ ငြိမ်းချမ်းရေးတည်ဆောက်ရန် ဆွေးနွေးနေချိန်နှင့် တိုက်ဆိုင်စွာ ဖြစ်ပေါ်သော သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပဋိပက္ခမှာ မလိုလားအပ်သောကိစ္စဖြစ်သဖြင့် ထိုကိစ္စ ဖြစ်အောင်လှုံ့ ဆော် သူများအား ရှုပ်ချကြောင်း SNLD သျှမ်းတိုင်းရင်းသာများဒီမိုကရေစီအဖွဲ့ချုပ် ကပြောပါသည်။
“ကေအိုင်အို နဲ့ ငြိမ်းချမ်းရေးရယူဖို့ ဆွေးနွေးညှိနှိုင်းတဲ့ အချိန်နဲ့ကိုက်ညီပြီး ဒါကိုဖြစ်ပေါ် အောင်လှုံ့ဆော် သွားတယ်။ ဖြစ်သွား တဲ့ကိစ္စအပေါ်မှာ ကျနော်တို့စိတ်မကောင်းဘူး။ ဖြစ်တဲ့အဖြစ်အပျက်အပေါ်လဲ ကျနော်တို့ ဘဝင်လဲမကျဘူး။ အကြမ်းဖက် ဆန်ဆန်ဖြစ်ရပ်ဟာ တိုက်ဆိုင်တာလား တမင်တကာသွေးထိုးလှုံ့ဆော်လို့ဖြစ် တာလားမသိပေမယ့် ဘာဘဲဖြစ် ဖြစ် မလိုလား အပ်တဲ့ပြဿနာ ဖြစ်တယ်။ ဒါကိုတော့ ကျနော်တို့ရှုတ််ချတယ်။ မဖြစ်တဲ့ကိစ္စလို့ဘဲ ကျနော်တို့မြင်ပါတယ်” ဟု ပြောခွင့်ရ ပုဂ္ဂိုလ်စိုင်းလိတ်ကပြောသည်။
ထိုကဲ့သို့ ငြိမ်းချမ်းရေးအတွက် လုပ်နေကြစဉ် ထိုအဖြစ်အပျက်မျိုး တစ်ခါမက ဖြစ်ခဲ့ဖူးကြောင်း စိုင်းလိတ်က သတိပေးပြောဆိုလိုက်သည်။
“ဒီလိုအလားတူဖြစ်ပျက်မျိုးအရင်ကကြုံဖူးတယ်။ ကျနော်တို့ တော်ဝင်နှင်းဆီခန်းမမှာ SNLD ကနေ ဦးဆောင် ပြီးတော့မှ ငြိမ်းချမ်းရေးအတွက် (သျှမ်း) ယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့ အခမ်းအနားကိုကျင်းပအချိန် မှာဘဲ မုံရွာလက်ပန်းတောင်း တောင် အရေးအခင်းဖြစ်တယ်။ ကျနော်တို့ လားရှိုး မှာ သျှမ်း ကယား ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း လုပ်နေချိန်မှာလဲ မိတ္ထိလာ လို အရေးအခင်းဖြစ်ခဲ့တယ်။ အခုလဲ ကချင်နဲ့ငြိမ်းချမ်းရေးတည် ဆောက်နေချိန်မှာတဖန် လား ရှိုးမှာထပ်ပေါ်တယ်။ ဝန်ကြီးဦးအောင်မင်းက ခုနပြောတဲ့ငြိမ်းချမ်းရေးဖြစ်စဉ် ၃ ခုလုံး မှာပါဝင်တယ်လေ။ အဲတော့ ငြိမ်းချမ်း ရေးတည်ဆောက်နေချိန်မှာ တဖက်က နောက်ကြောင်း ပြန်လှည့်ဖို့များကြိုးစားနေသလားလို့ ယုံမှားသံသယဖြစ်စရာ ကောင်းတယ်။ တကယ်လို့အဲလို နောက်ကြောင်း ပြန်လှည့်ဖို့ လှုံ့ဆော်စည်းရုံးနေတာ ဘယ်သူဘဲဖြစ်ဖြစ်ကျနော်တို့ ရှုပ်ချရမှာဘဲ။ ဒါလုံးဝ ရှုပ်ချသင့်တယ်” ဟု ဆိုပါသည်။
မီးရှို့ခံရသော တိုက်ခန်း ၎င်းနှင့်ပတ်သက်၍ ပြင်ပ ပယောဂ ကြောင့်ဖြစ်နိုင်ကြောင်း ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲဝင် NLD ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင် ကပြောသည်။
“ဒီလူတွေ ဒီလိုဖြစ်အောင်လုပ်ဖို့ချောင်းနေတာ ကြာလှပြီ။ ကျနော်တို့သတိထားမိတာ ၁ လ ၂ လ ရှိပြီဘဲ။ အခုတော့ အခွင့် သာတုန်း သူတို့လဲ ဝင်ချတော့တာ။ ကျနော်တို့ လားရှိုးမှာနေလာတာ သက်တမ်း ၆၀ ကျော်မှာ ဒါမျိုးတခါမှမရှိခဲ့ဘူးဘူး၊ သျှမ်း၊ ဗမာ၊ တရုတ်၊ ကုလား အေးအေးဆေးဆေးနဲ့ အတူတူနေလာကြ တာဘဲ။ ဒါပြင်ပ ပယောဂ ပါတယ်လို့ဘဲမြင်တယ်” လားရှိုး NLD ဥက္ကဌ စိုင်းမြင့်မောင် က ပြောသည်။
အဆိုပါ အဓိကရုဏ်းထဲသို့ လူငယ်များမပါဝင်ရန်သာ အရေးကြီးကြောင်း လားရှိုးမြို့နေ လူငယ်တဦးက ပြောသည်။
လားရှိုးမြို့ လက်ရှိအခြေအနေမှာ ယနေ့မနက်ပိုင်း ဘူတာကြီးတွင် ရပ်ကွက်တွင်းလူထုနှင့် မူစလင်ဘာသာ ဝင်များရိုက်နှက် မှုဖြစ်ပွါးခဲ့ပြီး လူနေအိမ်များ မီးရှို့မှုဖြစ်ပွါးခဲ့သေးသည်ဟု အဆိုပါလူငယ်ကပြောသည်။ တမြို့လုံး စစ်တပ်ဖြင့် လုံခြုံ ရေးတိုးမြင့်ချထားပြီး မီးလောင်ခဲ့သည့်ဗလီအနီးဖြတ်သန်းသွားလာခွင့် မပေးကြောင်း မြို့နေလူထုတို့ စိုးရိမ်ပူပန်မှုဖြင့် နေထိုင်နေရကြောင်း ပြောဆိုပါသည်။
ယမန်နေ့ မေလ ၂၈ ရက်ညနေ ၄ နာရီက လားရှိုးမြို့ရပ်ကွက် ၈ ၌ ဓါတ်ဆီရောင်းသော နယ်မြေ ၁၅ အုပ်ချုပ်ရေးမှူး ၏သမီး မအေးအေးဝင်း (အသက် ၃၈ နှစ်) (ဖခင် ဦးမောင်မောင်ဝင်း) အား ကျိုင်းတုံမှတ်ပုံတင်ကိုင်ဆောင်သည့် ကိုနေမင်းက ဓါတ်ဆီဖြင့်ပက်ဖြန်း၍ မီးရှို့ခဲ့ရာမှ ဒေသတွင်းလူထုက မကျေမနပ်ဖြစ်ကာ ရပ်ကွက် ၂ ဗလီနှင့် မူဆလင်မိဘမဲ့ခလေးများဂေဟာ၊ လူနေအခန်း ၈ ခန်း၊ တရုတ်အိမ် ၂ အိမ်၊ ကော်ရခါး အိမ်တအိမ် အား မီးရှို့ဖျက်ဆီးခဲ့ သည်။ ထို့အပြင် အထင်ကရ မူစလင်ဆိုင် နှင့် နေအိမ် ၁၀ ကျော်လည်း ရိုက်နှက်ဖေါက်ခွဲကာ ဖျက်ဆီးခဲ့သည်။ ထို့ အတွက်ကြောင့် အရေးပေါ် ဥပဒေ ပုဒ်မ ၁၄၄ (ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရ၊ လူ ၅ ယောက် အထက် အစုအဝေးမပြုရ ၊ ကျူးလွန်ကအရေး ယူခြင်းခံရ) အား အာဏာပိုင်များက ထုတ်ပြန်ထားသောကြောင့် ၊ မြို့တွင်းမှာခြောက်ကပ်လျက်ရှိပြီး လားရှိုးဈေး မန်ဆူဈေးတို့ ပိတ်ထားကြောင်း၊ ထို့အပြင် ရပ်ကွက်တွင်းရှိဈေးဆိုင် စားသောက်ဆိုင်များပါ မဖွင့်ရဲကြကြောင်းသိရသည်။