တန့်ယန်းမြို့မှ နေရပ်ပြန် စစ်ပြေးဒုက္ခသည် တစ်ရာကျော်အနက် တချို့တဝက်မှာမြို့ပေါ်သို့ ပြန် ရောက်လာကြကြောင်း ဒုက္ခသည်ကူညီရေးအဖွဲ့ကပြောပါသည်။
“ သူတို့ပြန်သွားတယ်ဆိုတာက ၁၀၀ ကျော်ဘဲဗျ။ ရွာအထိရောက်အောင်မပြန်ရဲကြဘူး။ လွယ်စေး အုပ် စုထဲက ဝမ့်လွယ် ဈေးထဲမှာဘဲ သွားပြီးခိုလှုံကြတယ်။ အဲဒီဘက်ကို မြန်မာစစစ်တပ်က မရပ်မနား တပ် အင်အားဖြည့်တယ် ဆိုတော့ အိမ်မရောက်သေးတဲ့ ဒုက္ခသည်တွေ မြို့ထဲပြန်လာနေကြတယ်” ဟု ဒုက္ခသည်များ အား ကူညီကယ်ဆယ်ရေးလုပ်ပေးနေသည့် စိုင်းခေးကပြောသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ၂ ဦးသိန်းဇော်နှင့် သျှမ်းပြည်တပ်မတော် တို့ မေလ ၁၁ ရက် တွေ့ဆုံဆွေးနွေးကြပြီးနောက်ပိုင်း ဒုက္ခသည်များအား နေရပ်ပြန် ရန် ၂ ဦး၂ ဘက် စလုံးက တိုက်တွန်းခဲ့ပြီး တိုက်ပွဲမဖြစ်စေရဟု အာမခံကာ မိသားတစု ဆန်တအိတ် ပေးလိုက်သဖြင့် စစ်ပြေး ဒုက္ခသည် ၁၀၀ ကျော်နေရပ်ပြန်ခဲ့ကြသည်။
၎င်းတို့ပြန်သွားပြီးနောက် ဦးသိန်းဇော်၏ အမိန့်ဖြင့် တန့်ယန်းအာဏာပိုင်များကလည်း ဆောက် လုပ်လက်စ ဒုက္ခသည်များနားနေရန်စခန်းရှိ တဲတန်းလျား ၃ ဆောင်ကိုလည်း ပြန်ဖျက်လိုက်ရကြောင်း အဆိုပါလူငယ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
“ အခုသူတို့တွေ မြို့ပြန်တက်လာတော့ နားခိုစရာတန်းလျားမရှိတော့ဘူးပေါ့ဗျာ။ စိတ်တော့ မကောင်းပါဘူး။ မြို့ပေါ်ရောက်တာနဲ့ အလုပ်အကိုင်ဆိုတာကလဲ ခပ်ရှားရှားရယ်။ ကူညီထောက်ပံ့မယ့် စေတနာရှင်လဲမရှိတော့ဘူး။ အခုလိုပြန်ဖြစ်ရင်အစိုးရကလဲ တာဝန်မယူပေးဘူး” ဟု ဆိုပါသည်။
သို့သော် မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များ၏ ခလေးများ ပညာရေးအတွက် စိတ်ပူသည့် တန့်ယန်း ရပ်ကွက် ၂ မှ ကျောင်းဆရာ လင်မယားက အဆိုပါကလေးငယ်များ စာရေးစာဖတ်နိုင်ရေး အတွက် ကူညီပေးမည်ဖြစ်ကြောင်း နီးစပ်သည့်ဒေသခံများကပြောဆိုနေကြပါသည်။
အစိုးရစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တန့်ယန်းမြို့နယ် လွယ်စေးဒေသမှ ဒေသခံများ တထောင်ကျော် မြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသည်မှာ မတ်လနှောင်းပိုင်းက ဖြစ်ရာ ယခု ၂ လကျော်ကြာနေပြီဖြစ်ပါသည်။