RCSS နှင့်တိုက်ပွဲထပ်ဖြစ် အစိုးရတပ်မှ ၉ ယောက်သေ

RCSS နှင့်တိုက်ပွဲထပ်ဖြစ် အစိုးရတပ်မှ ၉ ယောက်သေ
by -
သျှမ်းသံတော်ဆင့်

ပြီးခဲ့သည့် သောကြာနေ့က သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်အုပ်စုအတွင်း၌ သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးရာ ၂ ဘက်အကျအရှုံးရှိခဲ့ကြောင်း ဒေသ တွင်းသတင်း ရပ်ကွက်ကဆိုပါသည်။

RCSSRCSS/SSA တပ်သားတချို့

“ မေလ ၁၇ ရက် သောကြာနေ့တုန်းကလေ။ ဟိုပုံးမြို့နယ် နမ့်ခုတ်အုပ်စုထဲမှာ သျှမ်း နဲ့ ဗမာ  တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်။ ဗမာဘက်က ၉ ယောက်သေတယ်။ ၁၀ ကျော်ဒဏ်ရာရတယ်။ သေနတ် ၂ လက်နဲ့ ကျည်ကပ် အများအပြား သျှမ်းတပ်က သိမ်းဆည်းရမိ တယ်။ ကျောပိုးအိတ်တွေလဲပါတယ်ပြောတယ်။ သျှမ်းဘက်က ၁ ယောက်သေတယ်။ ဒဏ်ရာရတာတော့ မရှိဘူး” ဟု တိုက်ပွဲနှင့်နီးစပ်သည့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ပြန်လည်ပြောပြသည်။

ကြိုတင်သတင်းပေးပို့ခြင်းမရှိသော မြန်မာ့တပ်မတော်မှ အင်အား ၁၀၀ ကျော်က တောတွင်းဝင်ရောက်လှည့် လည် မွှေနှောက်ရာမှ ထိပ်တိုက်တွေ့မိပြီး ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတဦးကလည်း ပြောပါသည်။

မြန်မာ့တပ်မတော်မှာ ရပခတိုင်းလက်အောက်ခံ ပင်လောင်းအခြေစိုက်  ခလရ ၂၄၉ နှင့် လွယ်ကော်အခြေစိုက် ခလရ ၂၅၀ ပူးပေါင်းတပ်တို့ဖြစ်ကြောင်းလည်း ပအိုဝ်းပြည်သူ့စစ်က ဆက်လက်ပြောပြသည်။

“ တိုက်ပွဲ ၂ ခုလုံးက နမ့်ခုတ်အုပ်စုထဲမှာ ဖြစ်တာ။ နားပုံရွာမြောက်ဘက်မှာ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိ တကြိမ်နဲ့ ပြည်တော်ရွာမြောက်ဘက်မှာ ၃ နာရီ ကနေ ရ နာရီအထိ တကြိမ်ဖြစ်တယ်။ သျှမ်းတပ်ရှိတဲ့ဘက်ကို သိသိကြီးနဲ့တက်သွား တာလေ။ တိုက်ပွဲဖြစ်တဲ့နေရာက ရပ်စောက်နယ်ဘက်နဲ့ နီးသွားတယ် ။ ဟိုပုံးမြို့နယ်ထဲမှာဘဲ  ” ဟု  ၎င်းက ဆက်ပြော သည်။

၎င်းနှင့်ပတ်သက်၍ RCSS/SSA ဘက်မှ အတည်ပြုချက်တော့ မရပေ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်ထား သည့်အဖွဲ့ ဖြစ်သည်ဟုဆိုသော်လည်း ၂၀၁၁ ခုနှစ် အစိုးရတပ်မတော်နှင့်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသဘောတူကြပြီးသည့်နောက် ယနေ့တိုင်အောင် အစိုးရတပ်မတော်နှင့် လက်အောက်ခံပြည် သူ့စစ်တပ်ဖွဲ့တို့အား ခုခံတိုက်ခိုက်နေရသည်မှာ တိုက်ပွဲပေါင်း အကြိမ် ၈၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ပြောခွင့်ရဗိုလ်မှူးလောင် (ဝ်) ဆိုင်က ပြောပြဖူးပါသည်။