သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ သစ်တောဦးစီးဋ္ဌာနရုံး၌ ယမန်နေ့ညပိုင်း ၉ နာရီကျော်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူတစ်ဦး သေဆုံးသွားကြောင်း သိရသည် ။
ဗုံးထောင်သူ၏ လက်အတွင်း ပေါက်ကွဲခဲ့ကာ ၄င်းဗုံးထောင်သူကိုယ်တိုင် သေဆုံးခြင်း ဖြစ်ကြောင်း မူစယ်မြို့ အာဏာပိုင် သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည် ။
“မြို့တော်ခန်းမမှာ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးလည်းတွေ့တယ် ၊ သစ်တောရုံးမှာကျတော့ ဗုံးထောင်တဲ့ သူကိုယ်တိုင် သူ့လက်ထဲ ပေါက်ကွဲပြီးသေသွားတာပေါ့နော် တခြားထိခိုက်ဒဏ်ရာရသူမရှိပါဘူး ” ဟု မူစယ် အာဏာပိုင်နှင့် နီးစပ်သူ တစ် ဦးက ဆိုသည် ။
ယခုလ ၁၃ ရက်နေ့ ညပိုင်းကလည်း မူစယ်ခရိုင် နမ့်ခမ်းမြို့၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦးနှင့် အရပ်သား တစ်ဦး သေဆုံးကာ လူ ၃ ဦးခန့် ဒဏ်ရာရခဲ့သည် ။
အဆိုပါ နမ့်ခမ်းမြို့ပစ်ခတ်မှုအပေါ် အစိုးရအာဘော် သတင်းစာက RCSS / SSA အမှတ် 701 ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲ ရေးသားထားပြီး RCSS / SSA က ၄င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုလိုက်သည် ။