အစိုးရဘက်မှ တနိုင်ငံလုံးအပစ်ရပ်ကြောင်း တရားဝင်ကြေငြာပေးရန် ဦးအောင်မင်းနှင့် အခုအပတ်အတွင်းကတွေ့ဆုံစဉ် သျှမ်းခေါင်း ဆောင်များက တိုက်တွန်းလိုက်ပါသည်။
“ ဦးအောင်မင်းနဲ့အဖွဲ့ကိုတွေ့ဆုံနိုင်ဖို့ EBO စဝ်ဟန်ယောင်ဟွေ့က ကမကထပြု ကူညီဆောင်ရွက်ပေးပါ တယ်။ အဲဒီမှာ စဝ်ဟန်ယောင်ဟွေ့က ငြိမ်းချမ်းရေးဆက်လက်တည်ဆောက်သွားဖို့အတွက် နိုင်ငံရေးဆွေး နွေးဖို့လိုတယ်၊ ဆိုတော့ အစိုးရကနေ တိုင်းရင်းသားတပ်ဖွဲ့အားလုံးနဲ့ အပစ်ရပ်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့၊ တနိုင်ငံလုံး အပစ်ရပ်ကြောင်း တရားဝင်ကြေငြာပေးဖို့ ဦးအောင်မင်းကိုပြောတယ် ” RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။
ထို့အပြင် နိုင်ငံရေးဆွေးနွေးရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေးပါတီ ရပ်မိရပ်ဖများအား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ များက တွေ့ဆုံဆွေးနွေးပြင်ဆင်ရမည်ဖြစ်သဖြင့် ၎င်းတို့အား ၁၇/၁ (မတရားအသင်း) မှပယ်ဖျက် ပေးရန်လည်း စဝ်ဟန်ယောင်ဟွေ့က ဦးအောင်မင်း အားပြောပါသည်။
တွေ့ဆုံပွဲတွင် WGEC အဖွဲ့ဝင် KNU လည်းပါဝင်ကြောင်း၊ SNLD ဥက္ကဌ စဝ်ခွန်ထွန်းဦးကိုလည်း RCSS/SSA မှ ဖိတ်ခေါ်ကြောင်း သိရသည်။
“ စဝ်ခွန်ထွန်းဦးကတော့ - အပစ်ရပ်ထားတယ်ဆိုပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာဟာ မြန်မာ့တပ်မတော် ဘက်က စတင်တာချည်းဖြစ်နေတာဖြစ်တဲ့အတွက် အစိုးရကနေ တပ်မတော်ကို နိုင်အောင် ကိုင်ပေးဖို့ ပြောသွားတယ်။ ခေါင်းဆောင်တွေတင်ပြ တာတွေကို ဦးအောင်မင်းက မှတ်သားသွားပြီး အထက်ကိုတင်ပြ ပေးမယ်လို့ပြောတယ်” ဟုလည်း ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။
ငြိမ်းချမ်းရေးတည်ဆောက်လိုသော ဆန္ဒအမှန်တကယ်ရှိမှသာ ငြိမ်းချမ်းရေးတည်ဆောက်မှုအောင်မြင်နိုင် မည်ဖြစ်ကြောင်း၊ အစိုးရက ငြိမ်းချမ်းရေးတည်ဆောက်နေပြီး စစ်တပ်က လိုက်နာမှုမရှိဘဲလုပ်ချင်ရာ လုပ်နေသည်မှာ ငြိမ်းချမ်းရေးခရီးကို တားဆီးနှောင့်ယှက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကကျဆုံးမှာ စစ်တပ်အား အာဏာအပြည့်ပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံသာဖြစ်ကြောင်း ဗိုလ်မှူးလောင်ဝ်ဆိုင်က ထောက်ပြပါသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ငြိမ်းချမ်းရေးဆက်လက်တည်ဆောက်ရန် လာမည့်လအတွင်း ထပ်မံတွေ့ဆုံဖို့ရှိ ကြောင်းလည်း RCSS ကပြောပါသည်။