စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာမှုဖြင့် ခေတ္တခိုလှုံခွင့်ပေးရန် တရုတ်အစိုးရအား အမှတ် ရ၀၁ စစ်ဒေသမှူး တောင်းဆို

စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာမှုဖြင့် ခေတ္တခိုလှုံခွင့်ပေးရန် တရုတ်အစိုးရအား အမှတ် ရ၀၁ စစ်ဒေသမှူး တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာသည့်အနေဖြင့် ခိုလှုံခွင့်ပေးရန် တရုတ်အစိုးရအား အမှတ် ရ၀၁ စစ်ဒေသမှူးက တောင်းဆိုလိုက်သည်။

နမ့်ခမ်းမြို့ စစ်ပြေးဒုက္ခသည်များ

“ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုကြောင့် တရုတ်အစိုးရကနေ လက်ခံပေးဖို့  မေတ္တာ ရပ်ခံချင်ပါတယ်။ အခုရွှေလီမြစ်တဘက်ကမ်းက ရွာ ၁၉ ရွာတင်မကတော့ဘူး။ လွယ်ဟိုဆေဘက်ကောဘဲ။ တိုင်းပြည် ပျက်သလို နေရပ်ကနေ စွန့်ခွာနေရတယ်။ ဒေသခံလူထု အခက်အခဲတွေရင်ဆိုင်နေရပါတယ်။ ဆွေမျိုးရှိတဲ့သူအတွက် ကိစ္စမရှိဘူး။ ဆွေမျိုးမရှိတဲ့သူဆို အခက်အခဲအရမ်းဖြစ်တယ်။ ဒါ့ကြောင့်ကျနော့်အနေနဲ့ ဆိုင်ရာအဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ သျှမ်းအဖွဲ့တွေအားလုံး ဒုက္ခသည်တွေကိုလာရောက်ထောက်ပံ့ကြဖို့  မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်” ဟု အမှတ် ရ၀၁ စစ်ဒေသမှူး ကပြောသည်။

ပြီးခဲ့သည့်အပတ်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အမှတ် ရ၀၁ စစ် ဒေသဌာနချုပ်အား မြန်မာစစ်တပ်  စကခ ၁၆ လက်အောက်ခံ အင်အား ၄၀၀ ကျော်ဖြင့် တိုက်ခိုက် သောကြောင့် RCSS အခြေစိုက်ရာ နောင်မရွာ နှင့်အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများထွက်ပြေး တိမ်းရှောင် နေရသဖြင့် အခက်အခဲများ စွာနှင့် ကြုံတွေ့နေရသည်ဟု နမ့်ခမ်းမြို့ဒေသခံ များကပြောသည်။

“ကျနော်တို့ဘက်ကလဲ တတ်နိုင်သလောက်က ကူညီနိုင်ပေမယ့် ရ ရာခိုင်နှုန်းလောက်ဘဲ တတ်နိုင်ပါတယ်။  တရုတ်နယ်စပ် မှာ ဒုက္ခသည်စခန်းမရှိဘူးဖြစ်နေတယ်။   စစ်ပြေးဒုက္ခသည်တွေအတွက် အခက်အခဲတအား ဖြစ်နေတယ်။ ဒါကြောင့် တရုတ် ပြည်သူ့စစ်တွေကနေ ဒုက္ခသည်တွေကိုလမ်းမှာ တောမှာတွေ့ရင် တားဆီးစစ်ဆေးမေးမြန်းမှု တွေလုပ်နေတာတွေ ရပ်ပေးဖို့ တောင်းဆိုချင်တယ်။ ဒီအတွက် တရုတ်အာဏာပိုင် တွေကိုရော၊ မြို့တွင်းကလူငယ်တွေကိုရော၊ လူ့အခွင့်အရေး စောင့်ကြည့် ကူညီရေးအဖွဲ့အစည်းတွေကိုရော မေတ္တာရပ်ခံ အကူအညီတောင်းပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို အိမ်မပြန် နိုင်ခင်စပ်ကြားကာလမှာ ကူညီထောက်ပံ့ပေးဖို့ပါ။ သားသမီးရင်းတွေလိုသဘောထားပြီး ကူညီပေးဖို့ပါ” ဟု ဒု ဗိုလ်မှူးကြီး စွမ်မိန်း က သျှမ်းသံတော်ဆင့်အားပြောပါသည်။

နမ့်ခမ်းမြို့ စစ်ပြေးဒုက္ခသည်များ

ရွှေလီမြစ်တဘက်ကမ်း တရုတ်နယ်စပ် နောင်မအုပ်စု ၊ နောင်ဆွမ်းအုပ်စု မှ လွယ်ဟိုဆေဒေသအထိ ဒေသခံများ နေအိမ်နှင့် ဝေးနေပြီး၊ အစားအသောက်နှင့်ဆေးဝါးများအထူးလိုအပ်နေကြောင်းနမ့်ခမ်းမြို့ခံ လူငယ်တဦးကပြောပါသည်။

“မြန်မာစစ်တပ်က စစ်အာဏာရှင်စနစ်ဆီပြန်သွားအောင် စီမံကိန်းနဲ့လုပ်နေတာ။ တိုင်းရင်းသားတွေကို အပြတ်ချေမှုန်း ဆိုတဲ့စနစ်နဲ့ လုပ်နေတယ် ဗမာစစ်တပ်က။ အိမ်ပြန်ပစ္စည်းသယ်တဲ့ ရွာသား ၃ ယောက်ကိုလည်း မနေ့က သူတို့ဖမ်းဆီး စစ်ဆေးတယ်လို့ကျနော်တို့ကြားရတယ်။  ဒါကြောင့် ကျနော်တို့ နောင်မ စခန်းကနေ ခွါလိုက်ရတယ်ဆိုပေမယ့်  မြန်မာပြည် အနှံ့တွေ့တဲ့နေရာမှာ ပစ်ခတ်သွားဖို့ဘဲရှိတယ် ” ဟု စစ်ဒေသမှူးက ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်း နောင်မရွာ၌ အခြေချနေသော သျှမ်းပြည်တပ်မတော် ရ၀၁ စစ်ဒေသ စခန်းအား မြန်မာစစ်တက်က ရှင်းလင်းရခြင်းမှာ အချက် ၃ချက် ကြောင့် ဖြစ်နိုင်ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။ တရုတ်နယ်စပ်ဖြစ် နေသောကြောင့်တကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို တစိုက်မတ်မတ်လုပ်နေသော ကြောင့်တကြောင်း၊  ဂက်စ်ပိုက်လိုင်းလမ်း နှင့် နီးသောကြောင့်တကြောင်း ဖြစ်သည်ဟုဆိုပါ သည်။

Most read this week