အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် နှင့်အဖွဲ့ ယမန်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ရောက်ရှိခဲ့ရာ သန်းခေါင်စာရင်းကောက်ယူ ရေးကိစ္စဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ ဦးသိန်းဇော်ဦးဆောင်တဲ့ ၁၁ ယောက်ပါအဖွဲ့ ဟက်စကီးနဲ့ မိုင်းလားကို မနေ့က မွန်းတည့်ချိန်မှာရောက် တယ်။ မွန်းလွဲ ၂ နာရီမှာ ကျိုင်းတုံကိုပြန် သွားတယ်။ သန်းခေါင်စာရင်းကောက်မယ့်အကြောင်းဆွေးနွေး သွားတယ်။ ကျနော်တို့ဘက်ကလဲ စုဆောင်းထားတဲ့စာရင်းတွေပေးလိုက်တယ်” ဟု မိုင်းလား တပ်ဖွဲ့ဝင် တဦးကပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့သည် မိုင်းလားခေါင်းဆောင်ကြီးများနှင့် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေးကိစ္စအပြင် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကိုပါဆွေးနွေးခဲ့ကြောင်း၊ ယမန်နေ့ညက ကျိုင်းတုံမြို့၌ ပြန် အိပ်ပြီး ယနေ့တွင်လည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် မြို့တော်ပန်ဆန်းသို့ ထပ်မံသွား ရောက်ဆွေးနွေး မည်ဖြစ်ကြောင်း ကြားသိရ သည်။