တန့်ယန်းမြို့ပေါ်ရောက် စစ်ပြေးဒုက္ခသည်များ ရေရှည်ဝမ်းရေးအတွက် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရန် ဧပြီ ၁၁ ရက်နေ့ နေရပ်ပြန်နိုင်ဖို့ ပြင်ဆင်နေကြောင်း ဒုက္ခသည်ကူညီ ကယ်ဆယ်ရေးအဖွဲ့က ပြောပါသည်။
“ တန်ခူးလ လွန်သွားရင် စိုက်ဖို့ပျိုးဖို့ အချိန်လွန်သွားရင်တနှစ်စာ ငတ်တော့မယ်လေ။ ဒါကြောင့်အိမ်မပြန်လို့လဲမရ တော့ လို့ မြို့နဲ့သိပ်မဝေးတဲ့ ရွာကလူတွေ မနက်ဖြန် မနက်စောစော သူတို့ပြန်ဖို့ ကားစီစဉ်ပေးမယ်။ ရ ရက်တပတ် အိမ်ပြန်နေကြည့်မယ်။ နေလို့ရရင် ဆက်နေသွားမယ်။ နေလို့မရရင်လဲ ထပ်ပြီးဆွေးနွေးကြတာပေါ့”ဟု ကူညီရေး အဖွဲ့ တွင်ပါဝင်သည့် ပုဂ္ဂိုလ်တဦးကပြောသည်။
တန့်ယန်းမြို့ အောင်မင်္ဂလာကျောင်းတိုက်တွင်ခိုလှုံနေကြသော ဒုက္ခသည် ၄၃၁ ဦးရှိကြောင်း၊ ၎င်းတို့တောင်းဆို မှုကြောင့် ကယ်ဆယ် ရေးအဖွဲ့က ပြန်ပို့ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊ စေတနာရှင်များမှ လာရောက် လှူဒါန်းသော ထောက်ပံ့ပစ္စည်း များကိုလည်း ဒုက္ခသည်များအားခွဲဝေပေးလိုက်ပြီးဖြစ်ကြောင်း၊ ထောက်ပံ့ငွေကျပ် ၁၁ သိန်း ၈ သောင်း ကိုမူ ၎င်းတို့အတွက်ရံပုံငွေ အဖြစ်ထားပေးမည်ဖြစ်ကြောင်းဆိုပါသည်။
“ သူတို့ အာမခံချက်အတွက်တော့ ကျနော်တို့တွေ မြန်မာစစ်တပ် စစ်ဗျူဟာရုံးတွေကိုသွားပြီးတောင်းပန်ထားတယ်။ စစ် မက်ထပ်မဖြစ်ပွါးအောင်၊ လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေထပ်မလုပ်အောင်ပေါ့နော်။ တကယ် လို့ဖြစ်မယ် ဆိုရင်လဲ လူနေရပ်ရွာနဲ့ဝေးတဲ့နေရာမှာသွားဖြစ်စေချင်တယ်။ မနေ့ကလဲ ခလရ ၂၉၁ က တပ်ရင်းမှူးက ဘုန်းကြီးကျောင်း ကို လူလွှတ်ပြီးပြောခိုင်းတယ်။ ဒုက္ခသည်တွေ ကိုယ့်အိမ်ကိုယ်ပြန်နေပါတဲ့ ” ဟု ကျားဖြူ ပြည်သူ့လွှတ်တော်အမတ် စိုင်းထွန်းထွန်းဝင်း ကပြောသည်။
စစ်ဘေးရှောင်သူများနေရပ်ပြန်ရေး တဘက်က စီစဉ်နေကြသော်လည်း စစ်မျက်နှာပြင်၌ အစိုးရတပ် နှင့် သျှမ်းပြည် တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုမှာပြေလျော့ခြင်းမရှိသေးကြောင်း SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အရာရှိတဦးက ပြောသည်။
မတ်ခ်ျလနှောင်းပိုင်းက သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အားထိုးစစ်ဆင်သည့် မြန်မာစစ်တပ်က ဖြတ်သန်းရာ ရွာ များမှ ရွာသားများအား ဖမ်းဆီး ချုပ်နှောင်၍ ပေါ်တာထမ်း လမ်းပြခိုင်းခြင်း၊ ၎င်းတို့စစ်ကြောင်း သုံးဖို့အတွက် ရေခပ်ပေးခိုင်း သဖြင့် မိုင်းနင်းမိကာခြေပျက်ခြင်း၊ သေဆုံးခြင်း၊ ရိုက်နက်သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများအား ၎င်းတို့နှင့်အတူ ဖမ်းဆီး ခေါ်ဆောင်၍ မုဒိန်းကျင့်ခြင်း အစရှိလုပ်ရပ်များ သတင်းများပျံ့နှံ့နေ သောကြောင့် ရွာသားများနေရပ်ပြန်ရန် ကြောက်လှန့် ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်မိုင်းနင်းမိသည့် အမျိုးသားတဦး လည်း လားရှိုးဆေးရုံကြီး၌ ကျောက်ပတ်တီးစည်း၍ ဆေးကုသနေရဆဲဖြစ်ကြောင်းပြောသည်။
အဆိုပါဒုက္ခသည်များသည် လွယ်စေးအုပ်စု ၁၆ ရွာမှ ရွာသားများဖြစ်ကြပြီး တန့်ယန်းမြို့နှင့်အနီးဆုံးရွာမှာ မြို့နှင့် ၁၅ မိုင်ခန့်ဝေးသော ကောင်းကော်၊ ကောင်းဆိုင်းရွာဖြစ်ကြောင်း၊ တိုက်ပွဲနှင့် သိပ်မဝေးသော ပါဆာ၊ ဟိုမန်းရွာတို့မှ သေနတ်သံ လက်နက်ကြီးသံများ ကြားရကြောင်း တန့်ယန်းဒေသခံကပြောပါသည်။