ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတ သောကြောင့် ဖြစ်ပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင် ဆက်လက်ဖမ်းဆီး စစ်ဆေးနေကြောင်း တပ်တွင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကဆိုသည်။
“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့ အဖွဲ့တဖွဲ့ ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန််ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ အခုနေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်ဖက် အရာရှိများနှင့် နီးစပ်သူ တဦးက ပြောဆိုသည်။
အဆိုပါအမှုအား မတ်ခ်ျလ ၂ ရက်နေ့က တြိဂံတိုင်းမှူးကလည်းကောင်း၊ သက်ဆိုင်ရာ အဆင့်အဆင့်မှ လည်းကောင်း စစ်ဆေးမေးမြန်းရာတွင် ဖမ်းမိသည့် ယာဘ (မူးယစ်ဆေး) များကို အထက်သို့တင်ပြမှုမရှိဘဲ အချင်းချင်းဝေငှပေးခြင်း အပါအဝင် လိုင်စင်မဲ့ကားများ ဖမ်းဆီး၍ အထက်သို့ တင်ပြမှုမရှိသည့် ပြစ်မှုများပါတွေ့ ရှိလာကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ရှိ မူးယစ်ရဲ ၅ ဦးကို ဖမ်းဆီး၍ အချုပ်ခန်းသို့ ပို့ဆောင် ထားကြောင်း၊ အဆိုပါရဲ ၅ ဦးအနက် သျှမ်းလူမျိုး မူးယစ်ရဲတဦးလည်း ပါဝင်ကြောင်းနှင့် ယင်းကိစ္စ နေပြည်တော်မှ တပ်မတော် စစ်ဆေးရေးမှူး/ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီး သောင်းအေး ကိုယ်တိုင် လာရောက်စစ်ဆေးနေကြောင်း နီးစပ်သူက ပြောဆိုသည်။
အလားတူ ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ် ဗျူဟာမှူးအား ထိန်းသိမ်းထားကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် မရသေးပါ။
တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဆမ်ပူးရွာ၌ ဖေဖော်ဝါရီလ အတွင်းက ယာဘအစည်း ရ၀၀ ကို ဖမ်းဆီးမိပြီး ခွဲဝေယူကြရာ တာချီလိတ် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၃၁ အတွက် ယာဘအစည်း ၃၀၀ ဝေစုရသည့် အနက် ၎င်းတို့ဗျူဟာမှူးမှ အစည်း ၂၀၀ ယူဆောင်သွားသည့်အပေါ် စကားများ၍ သေနတ်လုကြရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
ဆက်လက်၍ “ဖေဖော်ဝါရီလ ၂၈ ညက ဒု-တပ်ရင်းမှူးက - ကျနော့်မှာ သေနတ်ရှိတယ် ဆိုပြီး ထုတ်လာတော့ အဲဒီသေနတ်ကို တပ်ရင်းမှူးက လုယူလို့ ကျည် ၄ လုံးပစ်မိတယ်။ ၃ လုံးကတော့ မထိဘူး။ နောက်ဆုံး တလုံးမှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇေယျာဝင်းရဲ့ ဘယ်ဖက်လည်ချောင်း ကနေ ဝင်ပြီး နားထင်၊ နားရွက်ဘက် ပွင့်ထွက်သွားတော့ လည်တိုင်တခြမ်းထိမိပြီးတော့ သေတာ။ အဲဒီ ကိစ္စကနေ ဝှစ်သောက်(တရားမဝင်)ကားမှု၊ မတရားချစားမှုတွေက အစ ပေါ်လာပြီး အခု တပ်တွင်းမှာ တပ်ကြပ်ကြီး အဆင့်ထိ အမှုမှာ ပါဝင်နေတယ်။ သူတို့နဲ့ဆိုင်တဲ့ ရွှေငွေ ဥစ္စာပစ္စည်းတွေလဲ သိမ်းဆည်းနေတာတွေရှိတယ်”
သေဆုံးသူ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇေယျာဝင်း၏ ရုပ်အလောင်းအား မတ်ခ်ျလ ၄ ရက်နေ့က တာချီလိတ်မြို့ရှိ မြို့မ သုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ယာဘ အစည်း ရ၀၀ မှာ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးစွပ်စွဲကာ တရုတ်ပြည် ကူမင်းမြို့၌ ဆေးထိုး၍ သေဒဏ်ချမှတ်ခံရသည့် စိုင်းနော်ခမ်း၏ ပစ္စည်းများဖြစ်သည်ဟုလည်း ဒေသတွင်း သတင်းများထွက်နေကြောင်း သိရသည်။