SSPP/SSA ဌာနချုပ်ဘက်သို့ ရလခတိုင်းမှ စစ်အင်အား ပို့ဆောင်နေ

SSPP/SSA ဌာနချုပ်ဘက်သို့ ရလခတိုင်းမှ စစ်အင်အား ပို့ဆောင်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း ရလခတိုင်းမှ စကခ ၂ နှင့် သျှမ်းပြည်တောင်ပိုင်း စကခ ၁၇ လက်အောက်ခံ တပ်ရင်းများမှ စစ်ယာဉ် တန်းများ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဘက်သို့တက်သွားကြောင်း ဒေသခံ ရွာသားများပြောပြချက်အရသိရသည်။

“တမြန်နေ့က လင်းခေးအခြေစိုက် ခမရ ၅၂၅ က စစ်ယာဉ်တန်း မိုင်းနောင်ဘက်တက်သွားတယ်။ မိုင်းနောင်အလွန်မှာယာဉ် တန်းရပ်ပြီး ဝမ့်ဟိုင်းဘက်ခြေကျင်နဲ့တက်သွားကြတယ်လို့ မိုင်းနောင်က လူတွေပြောတယ်။ ယာဉ်တန်းတချို့ မိုင်းအောတ် ဘက်ဆက်တက်သွားတယ်ပြောတယ်။ မနေ့ကမနက်ဘဲ ယာဉ်တန်း ၄-၅ စီးမိုင်းနောင်ကနေ ပြန်ထွက်လာတာ တွေ့ရတယ် ” ဟု မျက်မြင်ဒေသခံ စိုင်းဆမ်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။

ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံတပ်ရင်းများမှလည်း စစ်ယာဉ်တန်း ၈ စီး ဆင်းလာရာ  ခိုင်းဆင်မ် တွင် ခေတ္တနားခဲ့သေးကြောင်း၊ တစီးလျင် အင်အား ၃၀ ထက်မနည်းတင်ဆောင်လာကြောင်း သီပေါဒေသခံများကပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲများရပ်တန့်ပြီးနောက်ပိုင်း ယခုတကြိမ်သည် ဝမ့်ဟိုင်းဘက်သို့စစ်အင်အား အများဆုံး ပြန် လည်ပို့ဆောင်သည်ကိုတွေ့ရကြောင်း ၊ မြန်မာစစ်ယာဉ်တန်းဖြတ်သန်း မည့်အကြောင်း ဝမ့်ဟိုင်းဌာနချုပ် မှလည်း သိရှိထား ကြောင်း ၊ သို့သော် မြန်မာစစ်တပ်ဘာဆက်လုပ်မည်ကိုစောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ ကပြောပါသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခလက်အောက်ရှိ မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံ သျှမ်းပြည်တောင် ပိုင်းလင်းခေးမြို့အခြေစိုက် ခမရ ၅၂၅ မှ စစ်ယာဉ်တန်း ၁၅ စီးအပြင် သျှမ်းပြည်တောင်ပိုင်း ရပခတိုင်းအောက်မှ မိုင်းပန် အခြေစိုက် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများမှ စစ်ယာဉ်တန်းတို့ ယခုလ ၁၇ ရက်ကမိုင်းနောင် ဘက်တက်သွား ကြောင်း၊ တစီးလျှင် စစ်အင်အား ၂၅ ဦးထက်မနည်းတင်ဆောင် သွားကြောင်း မိုင်းနောင် ဒေသခံ စိုင်းဆမ်ကပြောသည်။

“ လားရှိုးဘက်ကလဲ  စစ်ယာဉ်တန်း ဆင်းလာတယ်လို့ကြားရတယ်။  အတိအကျတော့ မသိရသေးဘူး။  ကချင်မှာစစ်ပွဲ ရပ်ပြီး သျှမ်းဘက်ကိုပြန်လှည့်မလားလို့လဲ လူထုကစိုးရိမ်နေကြတယ်။ တချို့ကလည်း ယာဉ်တန်းစုစုပေါင်းအစီး ၄၀ တောင် ရှိတယ်လို့ပြောတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က လွယ်လန်းဘက်မှာ  မြန်မာစစ်ကြောင်း မိုင်းနင်းမိပြီး ၄ ယောက်သေတဲ့ ကိစ္စ ပြန်ပြီးရှင်းလင်းဖို့ဖြစ်နိုင်တယ်လို့ပြောတယ်  ” ဟု မိုင်းရှူးဒေသခံတဦးကလည်း ဆိုပါ သည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ မိုင်းရှူး၌စခန်းထိုင်သော မိုင်းနောင် စကခ ၂  စကခမှူးအပြောင်းအလဲ လုပ်ရန်၊ ၎င်း၏လုံခြုံရေးတပ်များ အပြောင်းအလဲလုပ်ရန် အဆိုပါယာဉ်တန်းများတက်သွားခြင်းဖြစ်ကြောင်း လည်း မိုင်းရှူးဒေသခံက ပြောပါသည်။

အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း အဆိုပါ စစ်ယာဉ်တန်းမှာ စကခ ၂  နှင့် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများတပ်အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း၊ သို့သော် ပေါ့လျော့ထားလို့မရ ၊ သတိဝိရိယထား၍စောင့်ကြည့်သင့်ကြောင်း သျှမ်းသံတော်ဆင့် အားပြောပြပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့်  ၂၀၁၂ နှစ်အစောပိုင်း ဂျန္နဝါရီ ၂၈ ရက် ပဏာမအဆင့်၊ ပြည် ထောင်စုအဆင့် သဘောမတူညီမှု မရမှီ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ် စားလှယ် ဦးသိန်းဇော်က အပစ်ရပ်သဘော တူညီမှု ရရှိပြီး ၅ ရက်အတွင်း SSPP/SSA နယ်မြေကပ်လျက်ရှေ့တန်း တပ်များအားလုံးတပ်ရုပ်ပေးပါမည်ဟု ကတိစကားပေး ဖူး သည်။

သို့သော်ယနေ့တိုင်တပ်မရုပ်သည့် အပြင် SSPP/SSA ၏ တန့်ယန်းမြို့နယ် ရ မိုင်စခန်း၊ မိုင်းရှူး မြို့နယ် မိုင်းအောက် ကျေးရွာအုပ်စုအတွင်းရှိတပ်စခန်းအချို့ တို့အား တပ်ရုပ်ခိုင်းခဲ့သေးသည်။  အဆိုပါရုပ် သိမ်းသွားသော တပ်စခန်းများ အပါအဝင် ထိုအနီးတဝိုက်ရှိ တန့်ယန်း - နမ့်လောင်း(ဝ်း)- မိုင်းအောက် - မိုင်းရှူး လမ်းမ တလျှောက်တို့ တွင်လည်း အစိုးရ၏ စကခ ၂ လက်အောက်ခံတပ်ရင်းများ  တိုးချဲ့နေရာချ ထားခဲ့သည်မှာယနေ့တိုင်ဖြစ်ကြောင်း တောင်ကြီး - မိုင်းရှူး ခရီးသည်များပြောပြချက်အရသိရပါသည်။