၆၆ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ အခါသမယ၌ သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ် ကျေးလက် အမျိုးသမီး တဦးအား မြန်မာစစ်သားတဦးက ဓါးပြတိုက် မုဒိန်းကျင့်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ရ ရက်ည သန်းခေါင်အချိန်တွင် အမည်မဖော်လိုသူ သျှမ်းအမျိုးသမီး (အသက် ၂၆ နှစ် ) နေအိမ်အား တံခါးခေါက်၍ အကူအညီတောင်းခဲ့သဖြင့် အဆိုပါ အမျိုးသမီးက တံခါးဖွင့်ကြည့်သည်နှင့် တပ်သားမောင်ဦး (အသက် ၃၀ ခန့်)က အမျိုးသမီး အား ဓါးထောက်ကာ ပိုက်ဆံ ရ၀,၀၀၀ ကျပ် တောင်းကြောင်း၊ ထိုစဉ် အခန်းထဲ၌ အိပ်နေသော အမျိုးသမီး၏ ၂ နှစ်သား အရွယ် ကလေးက ငိုသဖြင့် ကလေးသွားချော့ရန် အခန်းထဲဝင်သွားစဉ် အမျိုးသမီးအား ဓါးဖြင့်ထောက်၍ အဓမ္မပြု ကျင့်လိုက်ကြောင်း ကာယကံရှင် အမျိုးသမီးက ပြန်လည်ပြောပြသည်ဟု ထိုရွာသို့ သွားရောက်တည်းခိုသည့် မိုင်းနောင်ဒေသခံက ဆက်လက်ပြောဆိုသည်။
“အဲဒီစစ်သားက ၁၂ နာရီခွဲကနေ ၂ နာရီအထိ မုဒိန်းကျင့်ပြီးတော့ အိပ်ပျော်သွားတာနဲ့ ကောင်မလေးက တိတ်တဆိတ် ထွက်လာပြီး ရွာသားတွေကို လာတိုင်တယ်။ ဒါနဲ့ရွာသားတွေက နယ်ထိန်းတွေကိုခေါ်ပြီး သူ့အိမ်ကို သွားဝိုင်းတယ်။ သူ့ကို ဖမ်းချုပ်လိုက်တယ်။ အခု အမှုဖွင့်ထားတယ်။ ဒီမနက် သူ့ရဲ့ တပ်ရင်းဗိုလ် လာကြည့်ပြီး ရိုက်နှက်ဆုံးမ သွားတယ်” ဟု ဆိုသည်။
၎င်းနှင့်ပတ်သက်၍ ကျေးသီးမြို့ရဲစခန်းသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းကြည့်ရာ အမည်မဖော်လိုသည့် ရဲအရာရှိ တဦးက “ရွာသားတွေက ရဲစခန်းကိုလာတိုင်တယ်။ ကောင်မလေးကိုလည်း ဆေးရုံကိုခေါ်သွားပြီး စစ်ဆေးတယ်။ ဆိုင်ရာသက်သေ အချက်အလက် တွေကိုလည်း ရန်ကုန်ကို ထပ်ပို့ပြီး စစ်ဆေးဦးမယ်” ဟု ပြောဆိုသည်။
အဆိုပါအမျိုးသမီးမှာ အိမ်ထောင်ကွဲနေသူတဦးဖြစ်ပြီး အခင်းဖြစ်ပွါးသည့်ညက ၎င်း၏ မိခင်က အလှူမင်္ဂလာ ဆောင်အိမ် သို့သွားရောက် ကူညီနေသဖြင့် နေအိမ်၌ ၎င်းနှင့်အတူ အသက် ၂ နှစ်အရွယ်နှင့် အသက် ၆ နှစ်အရွယ် ကလေး ၂ ဦးသာကျန်ရစ်ခဲ့ကြောင်း ရွာသားများကပြောသည်။
ခလရ ၁၃၁ တပ်ရင်းမှူးမှာ ခရီးလွန်နေသဖြင့် ယခုလောလောဆယ် ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းထွန်းနောင်က စခန်းထိုင်ထားကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ဗျူဟာမှူးလည်းရောက်ရှိနေကြောင်း နီးစပ်သူတဦးကပြောသည်။
မိုင်းနင်အုပ်စု နောင်ယုမ်း ရွာသည် ကျေးသီးမြို့နယ်၏တောင်ဘက် ၁ မိုင်အကွာတွင် တည်ရှိသည်။