နေပြည်တော် သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

နေပြည်တော် သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
by -
သျှမ်းသံတော်ဆင့်

ကျားဖြူပါတီမှ ကမကထပြုလုပ် ကျင်းပသော သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲသို့ လွှတ်တော်ဥက္ကဌနှင့် မိသားစုများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ကျားဖြူပါတီအသိုင်း အဝိုင်းကပြောဆိုသည်။

နေပြည်တော် သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ (ဓါတ်ပုံ- Sai Hark Facebook)

“မနေ့ည ၆ နာရီက နေပြည်တော်မှာရှိတဲ့ မောခမ်းနွံ( ၃) စားသောက်ဆိုင်မှာကျင်းပပါတယ်။ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းနဲ့ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကော်မတီဥက္ကဋ္ဌတွေ နိုင်ငံရေး ပါတီ အသီးသီးက ပုဂ္ဂိုလ်တွေ ဖြူးဒေသက သျှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ သျှမ်းပြည်မြောက်ပိုင်း ရှမ်းတိုင်းရင်းသား ယဉ်ကျေး မှုအဖွဲ့ အစရှိတဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်တယ်။ စားသောက်ဆိုင်က ပြည့်နှက်သွားတယ်” ဟု ကျားဖြူပါတီ၏ မိုင်းရယ်မြို့ လွှတ်တော်အမတ် စိုင်းဟတ်က ပြောသည်။

ပါတီမရွေးဘဲ ဖိတ်ကြားထားသည့် သျှမ်းလွှတ်တော် ကိုယ်စားလှယ်များ အားလုံးနီးပါးနှင့် တခြားပါတီမှ တပါတီလျင် ၃ ဦး တက်ရောက် ခဲ့ကြသော်လည်း ပြည်ခိုင်ဖြိုးပါတီမှ သျှမ်းအမတ်မင်း အများစု တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနှင့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့မှ နှုတ်ခွန်းဆက်စကားပြော ကြားခဲ့ကြောင်း စိုင်းဟတ်က ပြောသည်။

“စိုင်းအိုက်ပေါင်းက ကျနော်တို့ သျှမ်းအမျိုးသားနေ့ သမိုင်းကြောင်းရယ်၊ စစ်မှန်သော ပြည်ထောင်စုဖြစ် ပေါ်လာဖို့ရယ် ထာဝရငြိမ်းချမ်းရေး ရရှိဖို့ရယ်၊ ပြည်ထောင်စု တိုင်းရင်းသားတွေ လိုလားတဲ့  စစ်မှန်တဲ့ပြည်ထောင်စု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေ လက်တွေ့ဖြစ်လာအောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်းပေးစေလိုကြောင်း တိုက်တွန်းသွား တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တော့ အခမ်းအနားကို နောက်ကျပြီး ရောက်လာတဲ့အတွက် စကားမပြောလိုက်ရပါဘူး” ဟု ဆိုသည်။
နေပြည်တော် သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ (ဓါတ်ပုံ- Sai Hark Facebook)

ထို့အပြင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ တို့က တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များသို့ အလှူငွေပေး အပ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်တုန်းက ကျနော်တို့ သျှမ်းအမျိုးသားနေ့ ကျင်းပခွင့်မရခဲ့ဘူး။ ဒီနှစ်မှာတော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ပြောခွင့်၊ ဆိုခွင့်နဲနဲပါးပါး ရှိလာတယ်။ ဒါကြောင့် State holder တွေအကုန်လုံးအခုလို တွေ့ရဆုံရတာဟာ အခွင့်ကောင်း တခုဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာဖြင့် စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အုပ်တချပ်သဲတပွင့် ဖြစ်နိုင်လိမ့်မယ်လို့ ယုံ ကြည်မျှော်လင့်ပါတယ်” ဟု စိုင်းဟတ်ကပြောဆိုသည်။

ဗြိတိသျှတိုင်းမင်းကြီး British Commissioner ဦးဆောင်သော(စော်ဘွား ၃၃ ဦးပါ)

သျှမ်းပြည်ထောင်စုကောင်စီ (Federal Council ) အား ဖျက်သိမ်း၍  စော်ဘွားကိုယ်စားလှယ် ၃၃ ဦး၊ လူထုကိုယ်စားလှယ် ၃၃ ဦးပါ Shan States Saophas Council “ရှမ်းစဝ်ဖလုံများကောင်စီ” ကို အစားထိုးဖွဲ့စည်းမည် မဖွဲ့စည်းမည်ကို  ဗြိတိသျှအာဏာပိုင်များက ပင်လုံညီလာခံအပြီး တောင်ကြီးတွင်ကျင်းပမည့် Federal Council  အစည်းအဝေး၌ ဆုံးဖြတ်ပေးမည်ဟု ၁၉၄၇ ဖေဖော်ဝါရီ ရ ရက်က အကြောင်းပြန်သဖြင့် အဆိုပါ ရ ရက်နေ့ ည၌ပင် လူထု ၃၀၀၀ ကျော် တက်ရောက်သည့် အစည်း အဝေးပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးမှ စော်ဘွား ရ ဦး လူထုကိုယ်စားလှယ် ရ ဦး ပါဝင်သည့် သျှမ်းပြည်ကောင်စီ ဦးဆောင်ကော်မတီအား ပြန်လည်ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလ ၁၁ ရက်အစည်းအဝေး၌ တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်သား အားလုံးနှင့်ဆိုင်သော သျှမ်းပြည် နယ်အလံ ( ဝါ၊ စိမ်း၊ နီ အလယ်ဗဟို လဝန်းဖြူ) ၊ သျှမ်းပြည်အလံတင် သီချင်း (ခေးတိုင်းခေးရာဇာ) နှင့်  ဖေဖော်ဝါရီလ ရ ရက်နေ့အား သျှမ်းပြည်အမျိုးသားနေ့ စသည့်သမိုင်းဝင် ရက်မြတ်ကို သတ်မှတ်ခဲ့ရာ ယနေ့ ၆၆ နှစ်မြောက်ရှိပြီဖြစ်သည်။