၆၆ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား အနယ်နယ်အရပ်ရပ်၌ စည်ကားစွာကျင်းပ

၆၆ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား အနယ်နယ်အရပ်ရပ်၌ စည်ကားစွာကျင်းပ
by -
သျှမ်းသံတော်ဆင့်

ယနေ့ကျရောက်သော ၆၆ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို သျှမ်းပြည်တွင်းမြို့ နယ်တော်တော်များများတွင် ကျင်းပခဲ့ကြကြောင်းစုံစမ်းသိရသည်။

လဲချားမြို့ သျှမ်းအမျိုးသားနေ့အခမ်းအနားသို့ ချီတက်လာသည့် ကျေးလက်ဒေသခံများ (ဓါတ်ပုံ- SK Zaya facebook)

သျှမ်းမြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မြို့လယ်ဘုရားနှင့် လွတ်လပ်ရေး ကျောက်တိုင်အနီးရှိ ပန်ပွဲကွင်းတွင် ယမန်နေ့ ညနေပိုင်းကတည်းက ဖွင့်ပွဲကျင်းပခဲ့သလို သျှမ်းပြည်နယ်အလံကိုလည်း အိမ်းတိုင်းနီးပါး စိုက်ထူခဲ့ကြသည်ဟုဆိုသည်။

မူစယ်မြို့တွင်မူ  ယနေ့မနက် ၉ နာရီက အခမ်းအနားဖွင့်ပွဲစတင်ကြောင်း၊ မူစယ်မြို့နှင့် ၁၄ မိုင်ခန့်ဝေးသော ဂျယ်လန့်မှ ဒေသခံများ မနက် ၄ နာရီ ကတည်းက  မူစယ်သို့လမ်းလျှောက်ထွက်လာကြောင်း၊ သျှမ်းစာပေယဉ်ကျေးမှု ဒု ဥက္ကဌက အမှာ စကား ပြောကြားပြီးနောက် သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ် ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားမည်ဖြစ်ကြောင်း၊ ထို နောက်ပိုင်း ဧည့်ခံကျွေးမွေးပွဲ၌ အဆိုအကများဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း မူဆယ်ဒေသခံ အိုက်ယီ့ ကပြောသည်။ ပွဲဖြစ် မြောက်ရေး အတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် သျှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ တို့မှ ပူးပေါင်း ကမကထပြုကြောင်း သိရပြီး နမ့်ခမ်းမြို့ကဲ့သို့ သျှမ်းအလံကို အိမ်တိုင်း၌ စိုက်ထူထားကြောင်း သိရသည်။

နမ္မတူမြို့နယ်၌မူ နမ္မတူမြို့တွင်း မြို့တော်ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းမှ ဦးဆောင်ကျင်းပ ပြီး မန်စံ အုပ်စုတွင်မူ ကျားဖြူ ပါတီက ဦးဆောင်ကျင်းပကြောင်း၊ ပွဲတော်နာယက မှာ ဦးနေမင်း (မန်စံ)  စိုင်းလောင်လိုင်း (မိုင်းရင်) နှင့် ဦးသိန်းချိန် မုန်းဝန်း (မိုးဝင်း) ယဉ်ကျေးမှုအဖွဲ့ တို့ဖြစ်ကြောင်း၊ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးကမူ ဒေသတွင်း လူထုရင်ဆိုင်နေရသော ပြဿနာများ ကို လက်တွဲဖြေရှင်းသွားရန် ပြောဆိုသွားကြောင်း ဒေသတွင်း လူငယ်တဦးက ပြောဆိုသည်။

မိုးနဲမြို့ သျှမ်းအမျိုးသားနေ့အခမ်းအနား (Sai Ant facebook)
သီပေါမြို့တွင်မူ ဝိန်းကောဝ်ရပ်ကွက်၌ သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကျင်းပကြောင်း၊ ကျားဖြူပါတီမှ ဦးစိုင်းဆောင်ဆီ အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး NUP ပါတီမှ အကြီးအကဲတချို့ တက်ရောက် ခဲ့ကြပြီး သီပေါမြို့နယ် ရ၈ အုပ်စုမှ ဒေသခံလူထုတို့ အားလုံးတက်ရောက်ကြသဖြင့် အထူးစည်ကား လှ ကြောင်း ဒေသခံ ကျားဖြူလွှတ်တော်အမတ်ကပြောသည်။

“မနေ့ညနေ ၆ နာရီကတည်းက ပွဲစ တာ။ ဒီနေ့လဲ တနေကုန် ကပွဲ ဆိုပွဲတွေရှိတယ်။ ၅ ဧကလောက် ကျယ်တယ်ဆိုတော့ ပွဲဈေးတန်းတွေလဲ စည်မှစည်ဘဲ။ လူအင်အား သောင်းပတ်ဝန်းကျင်လောက်ရှိမယ်။ ဇာတ်တိုင်း (သျှမ်းဇာတ်သဘင်) ရော ခေတ်ပေါ် တေးဂီတစင်ရော ရှိတယ်။ ညနေကျရင် အားကစား ပြိုင်ပွဲရှိမယ်။ ညကျရင်တော့ ဆုပေးပွဲနဲ့ဖျော်ဖြေရေးပေါ့နော်” ဟု ဆိုသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်မူ ယနေ့မနက် ၈ နာရီက ဖွင့်ပွဲကျင်းပပြီးနောက် သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်မှပေးပို့သော သဝဏ်လွှာကို တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူးက ဖတ်ကြားခဲ့ကြောင်း၊ ထိုနောက်ပိုင်း ဒေသ တွင်း အကအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း ပွဲတက်ရောက်သည့် ပုန်းထွန်ရပ်ကွက်သား ဦးစိုင်းနောင့် က ပြောဆိုသည်။ ပွဲဖြစ်မြောက်ရေးအတွက်တာချီတ်လိတ်မြို့ သျှမ်းစာပေ ယဉ်ကျေးမှုကော်မတီအဖွဲ့က ကမကထပြုခဲ့ ကြောင်း လည်းသိရသည်။

ကျိုင်းတုံမြို့တွင်မူ ယနေ့မနက်ပိုင်းက ရပ်ကွက်အသီးသီး ဌာနဆိုင်ရာအသီးသီးက ဘောလုံးကွင်းသို့ ချီတက်ခဲ့ပြီး ညနေပိုင်းတွင်မူ ခန်းမ၌ ညစာစားပွဲရှိကြောင်း ကျိုင်းတုံမြို့ဒေသခံတဦးကပြောသည်။

ထို့အပြင် မိုင်းဖြတ်မြို့နယ်၊ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ် ခွဲ တို့တွင်လည်း ကျင်းပခဲ့သည်ဟုဆိုသည်။

သျှမ်းပြည်တောင်ပိုင်းတွင်မူ တောင်ကြီးမြို့၌ သျှမ်းပြည်နယ်အစိုးရအဖွဲ့က ကမကထပြု၍ ယနေ့မနက်ပိုင်း သျှမ်းအမျိုး သားနေ့ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည်။ ကျားဖြူပါတီကလည်း သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲကိုယနေ့ည ကျင်းပမည်ဖြစ်ကြောင်း၊ ပင်လုံမြို့၌ သျှမ်းစာပေယဉ်ကျေးမှု တက္ကသိုလ်က ကျင်းပကြောင်း၊  မိုးနဲမြို့တွင်မူ နှစ်ပေါင်း ၂၀ မကျင်းပဘဲ ရပ်နားထားသည့် သျှမ်းပြည်အမျိုးသားနေ့ကို ယခုနှစ် ကြီးကျယ်ခန်းနားစွာကျင်းပခဲ့ကြောင်း၊ လင်းခေးမြို့ တွင်မူ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီက ကမကထပြု၍ ကျင်းပခဲ့ကြောင်း၊ အလားတူ မိုင်းပန်မြို့တွင်လည်း ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။

လဲချား မြို့တွင်လည်း သျှမ်းစာပေယဉ်ကျေးမှုကော်မတီနှင့် လဲချားမြို့ကျားဖြူပါတီ SNDP  ကျားခေါင်းပါတီ SNLD တို့ ပူးပေါင်း၍ သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ဘော်လုံးကွင်း၌ ကျင်းပခဲ့ကြကြောင်း ကျားဖြူပါတီအမတ်များ ကပြောဆိုသည်။

“မနှစ်တွေတုန်းက လွတ်လွတ်လပ်လပ် မလုပ်ရဲသေးလို့ အများဆုံး လူ ၃၀ လောက်ဘဲရှိတယ်။ ဒီနှစ်တော့ တော်တော်စည် တယ်။ ဒီနှစ်မှ ပွဲပြန်လုပ်တယ်ဆိုတော့ ပျော်စရာကောင်းပေမယ့် လွဲချော်မှုလေးတွေရှိခဲ့ပါတယ်။ ကျနော့အနေနဲ့တော့ အားရကျေနပ်မှုမရှိသေးဘူးလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

နယ်စပ်အခြေစိုက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်၌လည်း သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်း သိရသည်။

“ဒီနှစ်ပွဲမှာ ဒေသခံလူထုတွေကို အရင်နှစ်ပွဲတွေတုန်းကထက် အများကြီးတွေ့ရတယ်။ တော်တော်လေးစည် ကားပါတယ်” ဟု ပွဲသို့ဖျော်ဖြေရေး သွားရောက်သည့် သျှမ်းအဆိုတော်တဦးကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင်မူ ပွဲကျင်းပခြင်းမရှိဘဲ သံဃာတော်များအား  ဆွမ်းကပ်မှုသာ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် သျှမ်းပြည်အမျိုးသားနေ့ အား ကြိုဆိုကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း တပ်မှူးတဦးကပြောဆိုသည်။

အလားတူ ရန်ကုန်မြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းနှင့် တောင်ကြီးအသင်းတို့ ကမကထပြု၍ မြို့မကျောင်းလမ်းရှိ အမျိုး သားကဇာတ်ရုံတွင်လည်းကောင်း၊ မန္တလေးမြို့တွင်မူ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ မန္တလေးက ဦးဆောင်ကျင်းပခဲ့ကြကြောင်း လူငယ်များအသိုင်းအဝိုင်းက ပြောဆိုသည်။

တောင်ကြီးရောက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးစိုင်းညွန့်လွင်ကမူ “သျှမ်းပြည်တိုင်း ရင်းသားများအားလုံးကို ကျနော်က မင်္ဂလာပါလို့ သျှမ်းပြည်နယ်နေ့မှာ နှုတ်ခွန်းဆက် လိုက်ပါတယ်။ ကျနော်တို့ သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လဲ သျှမ်းပြည်အတွက်၊ သျှမ်းအမျိုးသားတွေအတွက် ၊ သျှမ်းပြည်ထဲမှာနေထိုင်တဲ့ သျှမ်းတမျိုးသားလုံးအတွက် ကောင်းသထက် ကောင်းလာအောင် အားလုံး တန်းတူညီမျှမှု ရရှိရေးအတွက်၊ ပြည့်ဝတဲ့ဒီမို ကရေစီ ရရှိရေးအတွက် ကြိုးပမ်းသွားမယ်လို့ သျှမ်းပြည်နယ်နေ့မှာ သျှမ်းပြည်လူထုအားလုံးကို စကားလက်ဆောင်ပါး လိုက်ချင်ပါတယ်” ဟု ဆိုသည်။

သျှမ်းအမျိုးသားများဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်၊ သျှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီးဌာန စိုင်းအိုက်ပေါင်းကမူ သျှမ်း ပြည်နယ်နေ့ ဂုဏ်ပြုသောအားဖြင့် သျှမ်းပြည်တိုင်းရင်းသားများအား ဤကဲ့သို့ အမှာစကားပြောခဲ့ပါသည်။

“၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ သျှမ်းပြည်ကောင်စီဥက္ကဌ တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်က လက်မှတ်ရေး ထိုးပြီး ဖေဖော်ဝါရီလ ရ ရက်ကို သျှမ်းပြည်အမျိုးသားနေ့သတ်မှတ်ခဲ့တယ်။ သျှမ်းပြည်အမျိုး သားနေ့ဟာ ပြည်ထောင်စုနေ့ကိုဖြစ် ပေါ် စေတဲ့ အဓိက အရေးပါတဲ့နေ့တနေ့ဖြစ်တယ်။ အရင်တုန်းက သျှမ်းအမျိုးသားနေ့လို့ခေါ်ကြပေမယ့် ၁၉၆၂ နောက်ပိုင်းမှာ တော့ သျှမ်းအမျိုးသားနေ့ ခေါ်ခွင့်မပေး တော့ပါဘူး။ သျှမ်းပြည်နယ်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခိုင်းပါတယ်။ ဒီနေ့ခေတ်မှာတော့ လွတ်လပ်မှုရှိလာပြီ။ ပြောခွင့်ဆိုခွင့်ရှိလာပြီ။ လွှတ်တော်တွေထဲမှာလဲ သျှမ်းတွေနေရာရလာပါပြီ။ သို့ပေမယ့် ဒီ့ ထက်ပိုပြီး အခွင့်အရေးရချင်ရင်တော့ ကျနော်တို့ နိုင်ငံရေးပါတီတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူထုတရပ်လုံးက လက်တွဲရမှာ ဖြစ်ပါတယ်။ သျှမ်းပြည်နယ်နေ့မှာ ပြည်တွင်းပြည်ပ တကမ္ဘာလုံးမှာရှိတဲ့သျှမ်းပြည်သား များအားလုံး ကျန်းမာချမ်းသာကြ ပါစေလို့ဆုတောင်းလိုက်ပါတယ်။ ”

၆၆ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းပြည်တွင်း တခြားသော မြို့နယ်များ၌လည်း ကျင်းပခဲ့ကြ ကြောင်း သိရသည်။

၁၉၄၇ ခုနှစ်က နမ့်ဆန်မြို့ တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်သားအားလုံးနှင့်ဆိုင်သော သျှမ်းပြည်နယ်အလံ (ဝါ၊ စိမ်း၊ နီ အလယ်ဗဟို လဝန်းဖြူ) ၊ သျှမ်းပြည်နယ်သီချင်း (ခေးတိုင်းခေးရာဇာ) နှင့်  သျှမ်းပြည်နယ်နေ့ ဖေဖော်ဝါရီလ ရ ရက်နေ့တို့ကို သတ်မှတ်ခဲ့ရာမှ ယနေ့ ၆၆ နှစ်မြောက်ရှိပြီဖြစ်သည်။