အထောက်အထား မခိုင်လုံသည့် အလုပ်သမားများအား ယခုလကုန် ဖမ်းဆီးပြန်ပို့မည်

အထောက်အထား မခိုင်လုံသည့် အလုပ်သမားများအား ယခုလကုန် ဖမ်းဆီးပြန်ပို့မည်
by -
သျှမ်းသံတော်ဆင့်

ယာယီနိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ဗီဇာအတွက် မလျှောက်ထားရသေးသည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ် သမားများအား ဒီဇင်ဘာလကုန်၌ နေရပ်ပြန်ပို့ရန်အတွက် လိုက်လံဖမ်းဆီးမှုပြုတော့ မည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။

ယာယီနိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးနေသည့်ချင်းမိုင်မြို့မှ အလုပ်သမားများ

“ကျနော်တို့ ပတ်စပို့ ဗီဇာလုပ်ဖို့ ကြေငြာပြီးကတည်းကနေ ဒီနေ့အထိ ဖိဆွတ်ဆန်ချတ်အတွက် ၂ ကြိမ် ၂ ခါတိုင်တိုင် အချိန်တွေ တိုးပေးခဲ့ပြီးပြီ။ ဒီတခါတော့ ဒီဇင်ဘာလကုန်မှာ အလုပ်သမားကတ် ကိုင်ဆောင် ထားပေမယ့် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးတဲ့လူ ပတ်စပို့ ဗီဇာ အလုပ်လုပ်ခွင့်လျှောက်လွှာ မတင်ရသေးတဲ့သူ တွေကို လဝက နဲ့ လုံခြုံရေးရဲတွေကနေ ထိထိရောက်ရောက်ရှင်းလင်းတော့မှာဖြစ်တယ်။ ဖမ်းမိတာနဲ့ ချက်ချင်း ပြန်ပို့မယ်” ဟုချင်းမိုင်မြို့ ဒုရဲမှူးကြီး ဥဒုမ်း ပီယနုဆောင်န် က ပြောသည်။

ထိုင်း နိုင်ငံ နှင့်အဝှမ်း ဖိဆွတ်ဆန်ချတ် ခေါ် မူလမွေးဖွားရာနိုင်ငံသားစီစစ်မှု မလုပ်ရသေးသည့်အတွက် အိမ်ပြန်ပို့ခံရမည့် ရွှေ့ပြောင်းအလုပ်သမား ၃ သိန်းခန့်ရှိနေသေးကြောင်း ထိုင်းသတင်းဌာနကပြောသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ရောက်ရှိအလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအနက် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးသူများအား အချိန်မှီ လုပ်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂၄ ရက် အထိ အချိန်တိုးမြင့်ပေးထားကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

“အစက ဒီဇင်ဘာ ၁၄ ရက်နေ့အထိ နောက်ဆုံးထားပြီး စီစစ်မှုလုပ်ဖို့ ပေးထားတယ်။ ချင်းမိုင်မြို့မှာ ဖိဆွတ်ဆန်ချတ် မလုပ် ရသေးတဲ့လူ သောင်းနဲ့ချီရှိနေသေးတယ်။ အဲတာကြောင့် ၂၄ ရက်နေ့အထိ နောက်ထပ် ၁၀ ရက်တိုးပေးတယ်။ အဲဒီနောက်ပိုင်း ဖိဆွတ် ဆန်ချတ်မလုပ်ရသေးရင်တော့  တကယ်ပြန် ပို့မယ် လို့ကြားတယ်” ဟု အလုပ်သမားများအား ဖိဆွတ်ဆန်ချတ် နှင့် ပတ်စပို့၊ ဗီဇာများ လျှောက်တင်ရန် အတွက် ကူညီပေးနေသော စိုင်းနောင့်ကပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား အလုပ်သမား ၆၉,၅၈၈ ယောက်ရှိကြောင်း အလုပ်သမားရေးရာ ဝန်ကြီး က ထုတ်ပြန်ကြေငြာ၏။ မြန်မာပြည်မှ အလုပ်သမားအများဆုံးဖြစ်ရာ ၆၉,၃၉၈ ယောက်ရှိကြောင်း ထိုအနက် ဖိဆွတ်ဆန်ချတ်ခေါ် မူလမွေးဖွားရာနိုင်ငံသားစီစစ်မှု မလုပ်ရသေးသည့်သူ ၂,၅၉၉ ယောက်ရှိကြောင်း၊ ဗီဇာတောင်းခံပြီး အလုပ်လုပ်ခွင့်လျှောက်လွှာမတင်ရသေးသည့်သူ ၅,၆၇၇ ယောက်ရှိကြောင်း ပြောဆို၏။

ထိုင်းနိုင်ငံ၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ၁ သန်းထက်မနည်း ရှိနေကြောင်း သု သေတနပညာရှင်များက ခန့်မှန်းကြသည်။ မြန်မာ ၅ သိန်းကျော်၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၂ သိန်းကျော်ရ်ှိ ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်ဟုလည်း ထိုင်းသတင်းဌာနကဖော်ပြထားသည်။ ထိုအနက် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးသည့်အရေအတွက်မှာ မြန်မာ ၆ သောင်း၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၁ သိန်းခွဲ ရှိနေသေးရာ စုစုပေါင်း ၃ သိန်းကျော်ရှိနေသည် ဟုလည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသည်။

ထို့ကြောင့် ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့် အဆိုပါ အလုပ်သမား ၃ သိန်းကျော်အား ထိုင်းရဲများမှ လိုက်လံဖမ်းဆီးမှု မရှိရလေအောင် မိမိအသိစိတ်ဓါတ်ဖြင့် မိမိနေရပ်သို့ အသီးသီး ပြန်ကြစေလိုကြောင်း၊ သို့သော် အပြန်ခရီးတွင်လည်း မိမိကိုယ်တိုင်အသိစိတ်ဖြင့် အိမ်ပြန်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် (သူဌေး) ၏ထောက်ခံချက်ကိုပါ ရယူရမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာထားကြောင်း ထိုင်းသတင်းဌာန၌ ဖော်ပြထားသည်။

Most read this week