သျှမ်းပြည်အလယ်အပိုင်း ၄ မြို့နယ်အတွင်း လူငယ်များကွန်ယက်ဖွဲ့စည်း

သျှမ်းပြည်အလယ်အပိုင်း ၄ မြို့နယ်အတွင်း လူငယ်များကွန်ယက်ဖွဲ့စည်း
by -
သျှမ်းသံတော်ဆင့်

စနေနေ့က သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်အတွင်း လူငယ် ၁၈၀ ခန့်က အစည်းအဝေးတရပ်ကျင်းပပြီး လူငယ်များ စွမ်းရည်မြင့်တင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရေးအတွက် “သျှမ်းပြည်တိုင်းရင်း သားလူငယ်များ ကွန်ယက်” ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

SSYNC

သျှမ်း နှစ်သစ်ကူးပွဲတော် တက်ရောက်လာသည့် လူငယ် ၁၇၇ ဦးက သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ ၀မ့်ဟိုင်း၌ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး လူငယ်များဆိုင်ရာကွန်ယက်တခု ဖွဲ့စည်းလိုက်ကြောင်း သျှမ်းလူငယ်များက ပြောသည်။

“အရင်တုန်းကလည်း ကျနော်တို့တွေ ထပ်ခါ ထပ်ခါတွေ့ဖူးပါပြီ။ အခုလက်ရှိ ကျနော်တို့ ကွန်ယက် အဖွဲ့ဝင် ၆၅ ယောက်ရှိတယ်။ ကျန်တဲ့သူကတော့ တက်ရောက်လေ့လာတယ်။ အကြံအဉာဏ်ပေးတယ်။ အဓိက ကတော့ လူငယ့်စွမ်းရည်မြင့်တင်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လက်တွဲလုပ်ဆောင်ဖို့ပါဘဲ။ ရှေ့လဆန်းပိုင်းမှာလဲ ကျနော်တို့ ထပ်တွေ့ဖို့ရှိတယ်” - ဟု ကွန်ယက်ပြောရေးတာဝန်ခံ စိုင်းဖုန်းဟန် ကပြောသည်။

သျှမ်းပြည် တိုင်းရင်းသားလူငယ်များ ကွန်ယက်တွင် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ ၀မ့်ဟိုင်း၊ မိုင်းနောင်မြို့ နယ်ခွဲ၊ တန်းယန်းမြို့နယ်၊ နမ့်လောင်(၀်း)၊ မိုင်းကောင်(၀်)နှင့်  မိုင်းရယ်မြို့နယ် တို့မှ လူငယ်များဖြင့်ဖွဲ့စည်း ခဲ့ပြီး လာမည့် ဂျန္နဝါရီ ၆ ရက် တွင် ထပ်မံတွေ့ဆုံ၍ ကွန်ယက်ဆိုင်ရာလုပ်ငန်းများ ချမှတ်ကာ တာဝန်ခွဲလုပ်ဆောင်သွား မည်ဟုလည်းဆိုသည်။

ကျေးသီးရောက် လူငယ် တဦးကလည်း “ကျနော်တို့ တိုင်းပြည်မှာ  အဓိက ဖြစ်ပွားနေတာက မူးယစ်ဆေးဝါး ပြဿနာ။ မူးယစ်ကျေးကျွန် မဖြစ်အောင် ကျနော် တို့လူငယ်တွေ ဘယ်လိုလက်တွဲဖေါ် ဆောင်မလဲ။ ဘယ်လိုတားဆီးကြမှာလဲ။ လူငယ်စွမ်းရည်မြင့်တင်နိုင်ရင် ဒါတွေကိုလည်း အလိုလိုနေရင်း ကာကွယ်သွား နိုင်လိမ့်မယ်လို့ယုံကြည်တယ်” - ဟု ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် သျှမ်းပြည်တိုင်းရင်းသား လူငယ်များကွန်ယက်အနေဖြင့် မည်သည့် နိုင်ငံရေးအဖွဲ့ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ မသက်ဆိုင်သော်လည်း လက်ရှိဖြစ် ပေါ် နေသော နိုင်ငံရေး ရေစီးကြောင်းအရ  ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့ကြသည့် TBP Trust Building for Peace သျှမ်းညီလာခံအား အကောင်းမြင်ကြောင်း၊ မကြာမှီ ကျင်းပမည်ဆိုသည့် သျှမ်းပြည်တိုင်းရင်း သားတရပ်လုံး အတွက်ညီလာခံအားလည်း ကြိုဆိုကြောင်း စိုင်းဖုန်းဟန်က ပြောသည်။

ယမန်နှစ် ၂၀၁၁ နိုဝင်ဘာလက ပြည်တွင်းပြည်ပ သျှမ်း လူငယ် ၁၀၀ ခန့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နှစ်ရက်ကြာ တွေ့ ဆုံ ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA (တောင်ပိုင်း)  နှင့် SSPP/SSA (မြောက်ပိုင်း) တို့ အမြန်ဆုံး ပေါင်း စည်းကြရန် စာရေးတောင်းဆိုခဲ့ဖူးသည်။ သို့သော်လူငယ်ဆိုင်ရာအဖွဲ့အစည်းတရပ်အနေဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိပေ။