လူထုအကျိုးစီးပွားအား ထိခိုက်လာမည့် မည့်သည့်အဖွဲ့အစည်း၊ လုပ်ငန်းများနှင့် စီမံကိန်းများကိုမဆို ကျားဖြူ ပါတီ နှင့် ကျားခေါင်းပါတီတို့ ပူးပေါင်းပြီးလူထုဘက်မှရပ်တည်ကာ ကန့်ကွက်ဆန့်ကျင်သွားမည်ဟု နမ့်ခမ်းကျားဖြူပါတီကဆိုသည်။
“ကျနော်တို့ နမ့်ခမ်းမြို့ တခုလုံးပါသွားနိုင်မယ့် မြေဧက ၃၅၀၀၀ ကိုသိမ်းပိုက်မယ့်စီမံကိန်း။ ဒါကို ဧပြီလ တုန်းက တခါကန့်ကွက်ပြီးပြီ။ အခုလဲ အောင်မေတ္တာကွက်သစ်ဈေးကို အဆင့်မြင့် နှစ်ထပ်ဈေးကြီး အဖြစ် ဆောက်လုပ်ဖို့ ကုမ္ပဏီကြီးတချို့က သမ္မတဆီစာတင်နေတယ်လို့ကြားတယ်။ ကျနော်တို့ နမ့်ခမ်းက အဲဒီ အဆင့်မရောက်သေးဘူး။ လက်ရှိမြို့မဈေးကြီးတောင်မှ လူသိပ်မစည်သေးဘူးဆိုတော့ မြို့ပြင် မှာ ဈေးသစ်ကြီး ထပ်ဆောက်ဖို့ မလိုသေးဘူး။ အဲဒါကြောင့်ကျနော်တို့ နှစ်ပါတီပူးပေါင်းပြီး ကန့်ကွက်ရတာ ဖြစ်တယ်” ဟု နှစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းထွန်းလှ ကပြောသည်။
အောက်မေတ္တာရပ်ကွက်ဈေးနေရာအား ခေတ်မှီဈေးကြီးအဆင့်တိုးမြင့်ရန် ကုမ္ပဏီတခုက စီစဉ်နေကြောင်း၊ ထိုဈေးကြီးလက်တွေ့အကောင်အထည်ဖေါ်ပါက အနီးအနားရှိလူနေအိမ် အလုံး ၅၀ လည်း ထိုစီမံကိန်း (မြေဧက ၁၅၀၀၀) နှင့် ပါသွားနိုင်ဖွယ်ရှိကြောင်း၊ ထိုဈေး၌ ဈေးသူဈေးသားများကလည်း မိမိဆိုင်နေရာ တကွက် အတွက် ကျပ်သိန်း ၁၀ ချီ ပေးဝယ်ထားရသောကြောင့်ဒေသခံများ ဆုံးရှုံးမှုများကြောင်း ပြောသည်။
“ကုမ္ပဏီနာမည်လဲ ကျနော်တို့အတိအကျရထားပါတယ်။ ဒါပေမယ့်ကျနော်တို့က သူတို့ကိုဘဲ ပစ်မှတ်ထားပြီး ဆန့်ကျင်တာမဟုတ်ဘူး။ ဘယ်သူမဆို လူထုအကျိုးစီးပွာထိခိုက်လာရင် ဒီနေ့ဘဲမဟုတ်ဘူး နောက် နောင်လဲ ကျနော်တို့ နှစ်ပါတီ ပူးပေါင်းပြီး ကန့်ကွက်သွားမှာဘဲ” - ဟု စိုင်းထွန်းလှ က ဆက်ပြောသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဧပြီလ ဆန်းပိုင်းက နမ့်ခမ်းမြို့နယ် အတွင်းရှိ မြေဧက ၃၅၀၀၀ အား ပထမအကြိမ် သိမ်းပိုက်ရန်ကြံစီမှုတွင် တရုတ် နိုင်ငံပိုင် ဟာ့ဟာ့ကုမ္ပဏီလီမီတက် အပါအဝင် မြန်မာနိုင်ငံမှ ဖွံ့ဖြိုးမြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမီတက် နှင့် မေဟုန်မြန်မာ စက်မှုလက်မှုထုတ်လုပ်ရေး ကုမ္ပဏီလီမီတက်တို့ ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရသေးပါ။